ပင်လယ်ထွက်ပေါက် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပင်လယ်ထွက်ပေါက် Covering Burma and Southeast Asia Thu, 02 Apr 2026 08:41:50 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ပင်လယ်ထွက်ပေါက် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ပင်လယ်ထွက်ပေါက် 32 32 အီရန်စစ်ပွဲကြောင့် မြန်မာက တရုတ်အတွက် ပိုတန်ဖိုးတက်လာ https://burma.irrawaddy.com/opinion/viewpoint/2026/04/02/412290.html Thu, 02 Apr 2026 08:41:50 +0000 https://burma.irrawaddy.com/?p=412290 ယခုအခါ အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများကြောင့် ရေလမ်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာချိန်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် တရုတ်၏ လုံခြုံရေးစီမံကိန်း ရေးဆွဲသူများအတွက် ယခင်ကထက်ပင် ပိုမိုအရေးပါလာခဲ့သည်။]]>

တရုတ်နိုင်ငံ၏ ပင်လယ်ထွက်ပေါက်မရှိသော ကုန်းတွင်းပိုင်းပြည်နယ်များဖြစ်သည့် ယူနန်၊ စီချွမ်းနှင့် ကွေ့ကျိုးတို့အတွက် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ရန် အစီအစဉ်ကို ၁၉၈၀ ပြည့်လွန်နှစ်များ အလယ်ပိုင်းတွင် စတင်ခဲ့သည်။

ယင်းသည် တရုတ်၏ ကိုယ်ပိုင်ဆိပ်ကမ်းများဆီသို့ သွားရာလမ်းတွင် မဖွံ့ဖြိုးသေးသော ကွန်ရက်များကို ရှည်လျားစွာ အားကိုးနေရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် “တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)” ဟု အမည်တွင်လာသည့် ဤစီမံကိန်းများသည် ကုန်သွယ်ရေးတခုတည်းအတွက် မဟုတ်ခဲ့ပေ။

ယင်းသည် ဘင်္ဂလားပင်လယ်အော်တွင် ပေကျင်း၏ နိုင်ငံရေးနှင့် စစ်ရေးဩဇာ ချဲ့ထွင်ရန် ကြိုးပမ်းမှု၏ အရေးပါသော အစိတ်အပိုင်းတခု အမြဲတမ်း ဖြစ်ခဲ့သည်။

ယခုအခါ အရှေ့အလယ်ပိုင်းရှိ စစ်ပွဲများကြောင့် ထိုရေလမ်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာချိန်၌ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ရေရှည်မဟာဗျူဟာမြောက် ရည်မှန်းချက်များသည် တရုတ်၏ လုံခြုံရေးစီမံကိန်း ရေးဆွဲသူများအတွက် ယခင်ကထက်ပင် ပိုမိုအရေးပါလာခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ ရေကြောင်းလမ်း

တရားဝင်ကိန်းဂဏန်းများအရ တရုတ်နိုင်ငံက တင်သွင်းသော ရေနံစိမ်း ၈၀ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းလာခြင်းဖြစ်ပြီး အီရန်မှာ အဓိက တင်ပို့သူဖြစ်သည်။

တရုတ်သည် ရုရှားနှင့် အလယ်အာရှတို့မှ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြင့် တင်သွင်းမှုကို တိုးမြှင့်ထားသော်လည်း ၃၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာ ရေကြောင်းလမ်းကို အားကိုးနေရဆဲ ဖြစ်သည်။

ထို့အပြင် အာဖရိကမှ တင်သွင်းသော တွင်းထွက်ပစ္စည်း အမြောက်အမြားသည်လည်း အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းရသည်။ အရှေ့အလယ်ပိုင်း၊ ဥရောပနှင့် အာဖရိက ဈေးကွက်များသို့ တင်ပို့သည့် လူသုံးကုန်ပစ္စည်းမျိုးစုံလည်း ရှိသေးသည်။ ခြုံငုံကြည့်လျှင် တရုတ်၏ စုစုပေါင်း ရေကြောင်းကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေသည်။

တရုတ်၏ စုစုပေါင်း ရေကြောင်းကုန်သွယ်မှု၏ ၆၅ ရာခိုင်နှုန်းခန့်သည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေသည်/ The Irrawaddy

အစ္စရေးနှင့် အမေရိကန်တို့၏ အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများ၊ အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများ အရှေ့အလယ်ပိုင်းတလွှားသို့ ကျရောက်မှုများနှင့် ဟော်မုဇ်ရေလက်ကြား လက်တွေ့တွင် ပိတ်ဆို့သွားခြင်းတို့သည် တရုတ်၏ ရေနံနှင့် ဓာတ်ငွေ့တင်သွင်းမှုကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

တချိန်တည်းမှာပင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ဆယ်စုနှစ်များစွာကြာအောင် အရှေ့အလယ်ပိုင်းတွင် တရုတ်၏ အဓိကမဟာမိတ် ဖြစ်ခဲ့သည်။ နိုင်ငံတကာ မီဒီယာအချို့ ဖော်ပြသကဲ့သို့ တရုတ်ထောက်လှမ်းရေးသင်္ဘော Liaowang-1 သည် ထိုဒေသတွင် အမေရိကန်၏ လှုပ်ရှားမှုများကို အီရန်သို့ သတင်းပေးပို့နေသည်ဆိုခြင်းမှာ မဟုတ်နိုင်ပေ။ ဂြိုဟ်တုဓာတ်ပုံများအရ ထိုအဆင့်မြင့်သင်္ဘောသည် ရှန်ဟိုင်းဆိပ်ကမ်းတွင် ရှိနေဆဲဖြစ်သည်။ သို့သော် အခြားသော တရုတ်သင်္ဘောများကမူ အီရန်ကို အသုံးဝင်သော သတင်းအချက်အလက်များ ထောက်ပံ့ပေးရာတွင် ပါဝင်နေနိုင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အရှေ့အလယ်ပိုင်းစစ်ပွဲများနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုသစ်များသည် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်၏ ရေရှည်မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ပိုမိုခိုင်မာစေခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုရှိ ကျွန်းစုများ

တရုတ်သည် မော်လ်ဒိုက်နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးတွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သည်။ မြို့တော် မာလီ (Male) နှင့် နိုင်ငံတကာလေဆိပ်ရှိရာ ဟူဟူလီ (Hulhule) ကျွန်း၊ လူနေရပ်ကွက်နှင့် စက်မှုဇုန်များရှိသည့် ဟူဟူမာလီ (Hulhumale) ကျွန်းတုတို့ကို ဆက်သွယ်ထားသည့် “ချစ်ကြည်ရေးတံတား” မှာ ထင်ရှားသော သာဓကတခုဖြစ်သည်။

မော်လ်ဒိုက်သို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များတွင် တရုတ်လူမျိုးက အများဆုံးဖြစ်ပြီး ၎င်း၏ ခရီးသွားလုပ်ငန်းတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ကျယ်ပြန့်သည်။ ပေကျင်းလိုလားသော အစိုးရနှင့် နယူးဒေလီလိုလားသော အစိုးရများ အလှည့်ကျ အာဏာရလာလေ့ရှိခြင်းသည် အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုရှိ ထိုကျွန်းစုများ၏ မဟာဗျူဟာမြောက် တည်နေရာအပေါ် တရုတ်နှင့် အိန္ဒိယတို့က မည်မျှအရေးထားသည်ကို ပြသနေသည်။

တရုတ်သည် မော်လ်ဒိုက်၏ အနောက်တောင်ဘက်ရှိ ချားဂိုးစ်ကျွန်းစု (Chagos Archipelago) ၏ အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်နေသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ထိုကျွန်းစုနှင့် ပတ်သက်သည့် ဆယ်စုနှစ်များစွာကြာ အချုပ်အခြာအာဏာ အငြင်းပွားမှုမှာ ပြေလည်သွားခဲ့ပုံရသည်။ ယူကေသည် ၎င်း၏ ဗြိတိသျှ အိန္ဒိယသမုဒ္ဒရာ နယ်မြေကို မောရစ်ရှနိုင်ငံ (Mauritius) ထံ ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်။ လွှဲပြောင်းပေးမည့် အသေးစိတ်အချက်အလက်များကို မသတ်မှတ်ရသေးသော်လည်း ၎င်းသည် ကုန်းမြေ ၅၆ စတုရန်းကီလိုမီတာနှင့် ပတ်ဝန်းကျင်ရှိ သမုဒ္ဒရာ ၅၄၅,၀၀၀ စတုရန်းကီလိုမီတာကို မည်သူပိုင်ဆိုင်ရမည်ဆိုသည်ထက် ပိုမိုလေးနက်သည်။

အိန္ဒိယသမုဒ္ဒရာ အလယ်ဗဟိုတွင် မဟာဗျူဟာမြောက် တည်ရှိနေသော ကျွန်းစုများပြ မြေပုံ/ PBS

အဆိုပါကျွန်းစုတွင် လက်ရှိ၌ အမြဲတမ်းနေထိုင်သူ မရှိသော်လည်း ၎င်း၏ အကြီးဆုံးကျွန်းဖြစ်သော ဒီယေဂိုဂါစီယာ (Diego Garcia) သည် အမေရိကန်၏ အရေးအပါဆုံးသော လေတပ်နှင့် ရေတပ်အခြေစိုက်စခန်း တည်ရှိရာနေရာဖြစ်သည်။ ယူကေနှင့် မောရစ်ရှတို့၏ သဘောတူညီချက်အရ အမေရိကန်စစ်တပ်သည် ထိုနေရာတွင် “ကနဦးကာလ” အဖြစ် ၉၉ နှစ်ကြာ ဆက်လက်ရှိနေနိုင်မည်ဖြစ်သည်။

ဝါရှင်တန်က စိုးရိမ်ချက်

မျှော်လင့်ထားသည့်အတိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဤသဘောတူညီချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ၎င်းက ယင်းလုပ်ရပ်သည် “အလွန်အမင်း အားနည်းမှု” နှင့် “ကြီးမားသော လူမိုက်လုပ်ရပ်” ဖြစ်သည်ဟု ဆိုခဲ့သည်။ ဤလုပ်ရပ်သည် ယူကေအတွက် အမည်းစက်ဖြစ်လာမည်ဖြစ်ပြီး အနောက်အုပ်စု၏ အင်အားကို ထိန်းသိမ်းရန်နှင့် မောရစ်ရှထံ လွှဲပြောင်းပေးပြီးနောက် တရုတ်၏ ဩဇာမလွှမ်းမိုးစေရန် ထိုနယ်မြေကို ဗြိတိသျှတို့က ဆက်လက်ထိန်းချုပ်ထားသင့်သည်ဟု ၎င်းက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်သည် မောရစ်ရှနိုင်ငံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် အပါအဝင် စီးပွားရေးအရ ရင်းနှီးသော ဆက်ဆံရေး တည်ထောင်ထားပြီး ယခုအခါ ထိုနိုင်ငံငယ်လေးတွင် အဓိက ရင်းနှီးမြှုပ်နှံသူ ဖြစ်လာသည်။ ထိုအမြင်ဖြင့် ကြည့်လျှင် ချားဂိုးစ်ကျွန်းစု၏ အဆင့်အတန်း ပြောင်းလဲမှုသည် အိန္ဒိယသမုဒ္ဒရာ၏ လုံခြုံရေးနှင့် အင်အားချိန်ခွင်လျှာအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာနိုင်သည်။

အကယ်၍ တရုတ်တို့သည် မော်လ်ဒိုက်မှာကဲ့သို့ ခရီးသွားလုပ်ငန်းနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများမှတဆင့် ခြေကုပ်ရယူနိုင်ခဲ့လျှင် ဒီယေဂိုဂါစီယာရှိ အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်ရန် အချက်အချာကျသော နေရာတခု ရရှိသွားမည်ဖြစ်သည်။ ယင်းသည် ဝါရှင်တန်က စိုးရိမ်နေသည့် အချက်ပင်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်

ဟော်မုဇ်ရေလက်ကြားအပြင် အခြားသော အကျပ်အတည်းဖြစ်စေနိုင်သည့် နေရာ (Chokepoints) များလည်း ရှိနေပြီး ထိုနေရာတွင် CMEC စီမံကိန်းက အရေးပါလာသည်။ မြေပုံကို ကြည့်ရုံနှင့် မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်သည် တရုတ်အတွက် မည်မျှအရေးကြီးသည်ကို သိနိုင်သည်။

လက်ရှိတွင် ကုန်သွယ်မှုသည် ကျဉ်းမြောင်းပြီး ကျပ်ညပ်နေသော မလက္ကာရေလက်ကြား (Strait of Malacca) နှင့် အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်တို့ကို ဖြတ်သန်းနေရသည်။ ထို့အပြင် လူအများ သတိမထားမိသည့် အိန္ဒိယ၏ နီကိုဘာကျွန်း (Nicobar Islands) နှင့် အင်ဒိုနီးရှား၏ ဆူမားတြားကျွန်းကြားရှိ ၁၅၀ ကီလိုမီတာ အကွာအဝေးမှာလည်း အရေးကြီးသည်။ ၂၀၀၁ ခုနှစ်ကတည်းက အိန္ဒိယသည် နယူးဒေလီ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် Andaman and Nicobar Command ကို ဖွဲ့စည်းခဲ့သည်။

ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် မလက္ကာရေလက်ကြားကြားတွင် သဘာဝတံတိုင်းကြီးတခုသဖွယ် ရှိနေသည်

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အိန္ဒိယသည် နီကိုဘာကျွန်းစု၏ တောင်ဘက်အကျဆုံးကျွန်းတွင် လေဆိပ်သစ်တခု တည်ဆောက်မည်ဟု ကြေညာခဲ့သည်။ ၎င်းသည် စစ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်ပြီး အိန္ဒိယရေတပ်က အဓိက ထိန်းချုပ်မည်ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ကပ္ပလီကျွန်းနှင့် နီကိုဘာကျွန်းများသည် ဘင်္ဂလားပင်လယ်အော်နှင့် မလက္ကာရေလက်ကြားကြားတွင် သဘာဝတံတိုင်းကြီးတခုသဖွယ် ရှိနေသည်။

တရုတ်အတွက် တခုတည်းသောလမ်း

ငြိမ်းချမ်းသောကာလတွင် ဤအချက်သည် တရုတ်အတွက် ကြီးမားသော စိုးရိမ်စရာမဟုတ်သော်လည်း အိန္ဒိယသမုဒ္ဒရာတွင် ပဋိပက္ခများ ကျယ်ပြန့်လာပါက အခြေအနေ လုံးဝပြောင်းလဲသွားမည်ဖြစ်သည်။ ထိုအကျပ်အတည်းနေရာများ အားလုံးကို ရှောင်လွှဲနိုင်မည့် တခုတည်းသောလမ်းမှာ မြန်မာနိုင်ငံဖြစ်သည်။

CMEC စီမံကိန်းတခုတည်းဖြင့် လက်ရှိ ရေကြောင်းလမ်းများကို အစားထိုးရန် မဖြစ်နိုင်သော်လည်း၊ အနည်းဆုံးအားဖြင့် တရုတ်အတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတခုနှင့် အင်ဒို-ပစိဖိတ်ဒေသတွင် ဩဇာချဲ့ထွင်ရန် အခြေခံစခန်းတခုကို ရရှိစေမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်သည် မြန်မာ့အနာဂတ်ကို ပုံဖော်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်မဟုတ်ဟု ယုံကြည်နေခြင်းမှာ ထူအလွန်းရာ ရောက်ပါလိမ့်မည်။

တရုတ်သည် အနောက်နိုင်ငံများက ငြင်းပယ်ထားသည့် နေပြည်တော် အစိုးရအပေါ် ထောက်ပံ့မှုများ ပေးနေခြင်းမှာ အံ့သြစရာမဟုတ်ပေ။ တရုတ်သည် မြန်မာနိုင်ငံ၏ မကြာသေးမီက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများကို ချီးကျူးခဲ့ပြီး ပြည်တွင်းပဋိပက္ခများတွင် လက်တွေ့ကျသော ကြားဝင်စေ့စပ်သူအဖြစ် ပိုမို ပါဝင်လာနေသည်။

ပထဝီနိုင်ငံရေးကစားပွဲများကြား ပိတ်မိနေ

ဧပြီလတွင် နေပြည်တော်၌ အစိုးရသစ် တက်လာသောအခါ တရုတ်သည် ပထမဆုံး ကြိုဆိုမည့်သူ ဖြစ်လာနိုင်ပြီး ယင်းသည် အမေရိကန်ကိုလည်း မြန်မာစစ်တပ်အပေါ်ထားရှိသည့် တင်းမာသော မူဝါဒကို ပြောင်းလဲရန် တွန်းအားပေးလာနိုင်သည်။ ဝါရှင်တန်တွင်လည်း ပိတ်ဆို့မှုများကြောင့် မြန်မာသည် ပေကျင်း၏ လက်တွဲဖော် ပိုဖြစ်လာနေသည်ဆိုသည့် ဆွေးနွေးမှုများ ရှိနေသည်။

အချို့သော အမေရိကန် လေ့လာဆန်းစစ်သူများက မြေရှားသတ္တု ရရှိရေးနှင့် ပေကျင်း၏ ဩဇာကို တန်ပြန်ရန်အတွက် မြန်မာစစ်ဗိုလ်ချုပ်များနှင့် “ချိန်ညှိထားသော ထိတွေ့ဆက်ဆံမှု” (Calibrated engagement) ပြုလုပ်ရန် အကြံပြုလာကြသည်။ ဤသည်မှာ တရားဝင်မူဝါဒအဖြစ် မပြောင်းလဲသေးသော်လည်း ဖြစ်လာနိုင်ခြေရှိသည့် အခြေအနေတခု ဖြစ်သည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများသည် တရုတ်နှင့် အမေရိကန်တို့ကို ဆန့်ကျင်ဘက် အခြမ်းများသို့ ရောက်စေပြီး ဒေသတခုလုံးတွင် အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ မြန်မာနိုင်ငံသည် ဤမဟာအင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှု လမ်းဆုံလမ်းခွတွင် ရောက်နေပြီး၊ စစ်ကောင်စီက ကိုင်တွယ်နိုင်စွမ်းမရှိသော အင်အားကြီး နိုင်ငံများ၏ ပထဝီနိုင်ငံရေးကစားပွဲများကြားတွင် ပိတ်မိနေပါသည်။

(ဧရာဝတီအင်္ဂလိပ်ပိုင်းပါ Middle East Wars Only Increase Myanmar’s Strategic Value for China ကို ဘာသာပြန်သည်။)

]]>