ဗျူရိုကရက် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဗျူရိုကရက် Covering Burma and Southeast Asia Sat, 01 Feb 2025 01:35:10 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဗျူရိုကရက် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဗျူရိုကရက် 32 32 အာဃာတ နိုင်ငံရေး (၂) https://burma.irrawaddy.com/article/2025/02/01/396549.html Sat, 01 Feb 2025 01:30:47 +0000 https://burma.irrawaddy.com/?p=396549 နိုင်ငံရေး၌ လူလည် လုပ်နေကြသော သူတို့သည် နိုင်ငံရေး အမြင် ရှိလာကြသည့် လူထုခေတ် ရောက်သော် ၎င်းတို့၏ နိုင်ငံရေးသမား ဘဝကို နိဂုံးကမ္ပတ် အဆုံးသတ်ကြရလိမ့်မည်။ ]]>

ယခင်အပတ်မှ အဆက်

သူတပါး နိုင်ငံကို ကြည့်လျှင် လူတန်းစား တခုက လူတန်းစား တခုကို အာဃာတဖြင့် တိုက်နေသည်။ လူထုအချင်းချင်း သင်းပင်း ဖွဲ့၍ တိုက်နေ၏။

ထိုမျှမကသေး နိုင်ငံအချင်းချင်းလည်း သင်းပင်းဖွဲ့၍ တိုက်နေသည်။

ထိုနိုင်ငံတို့တွင် ပုဂ္ဂလိက အာဃာတ တရားမျှမက လူ့အဖွဲ့အစည်း တခုနှင့်တခု အာဃာတ ထားသော တရားများသည် ပင်လျှင် ထွန်းကားနေကြသည်။

ဤအကြောင်းကြောင့်လည်း ရှေးက စစ်ဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်။ နောင်ကိုလည်း စစ်ဖြစ်ရဦးမည်မှာ သေချာပါသည်။

ကမ္ဘာဦးခေတ်မှ စ၍ ယနေ့ထိအောင် အကြိမ်ကြိမ် စစ်တိုက်ခဲ့ကြသည်မှာ ရိုးလျက်ပင် ရှိရပါပြီ။

ပုဂ္ဂိုလ်စွဲ အာဃာတမှသည် လူ့အဖွဲ့အစည်းစွဲ အာဃာတသို့ ရောက်လာလျှင် သွေးချောင်း စီးရမည်မှာ ဓမ္မတာပေ။

ထို့ကြောင့် ပုဂ္ဂိုလ်စွဲ အာဃာတသည် ရပ်တန်း၌ ရပ်လိုက်လျှင် ကျွန်ုပ်တို့ နိုင်ငံ ကောင်းစားလိမ့်မည်။ မရပ်နိုင်လျှင် ကျွန်ုပ်တို့ နိုင်ငံသည် ဖရိုဖရဲ ဖြစ်ရလိမ့်ဦးမည်။

ဤအချက်ကို မူတည်၍ နောက်တထစ် စဉ်းစားကြည့်လျှင် ယခုခေတ်၌ အာဃာတ ပပျောက်ရေး လုပ်နေကြသည် ဟူသည်မှာ ပုဂ္ဂိုလ် အချင်းချင်း မသင့်မတင့်သော အာဃာတကိုသာ ရည်ရွယ်သည်ဟု ဆိုလျှင် လုပ်ငန်းစဉ်အားဖြင့် ပြည့်စုံ လုံလောက်ပြီဟု ဆိုရမည်လော။

ဤအချက်ကို စဉ်းစားသင့်သည်။

ပုဂ္ဂိုလ်စွဲ အာဃာတသည် အခြေခံ ဖြစ်၍ ၎င်းကို ဦးစွာ ဖြေဖျောက်ရမည် မှန်ပေသည်။

သို့သော် နိုင်ငံရေးသမား အချင်းချင်း အခိုက်အတန့် အားဖြင့် အာဃာတ ဖြေဖျောက်ရုံမျှနှင့် လုပ်ငန်းသည် ပြီးစီးပြီဟု မတွက်ဆသင့်ချေ။

ပုဂ္ဂိုလ် တဦးချင်း ဆိုင်ရာ အာဃာတ အပြင် အများနှင့် ဆိုင်ရာ အာဃာတ တို့လည်း ရှိနေသည်။

ထိုအာဃာတကိုလည်း မနူးမနပ် နိုင်ငံရေးသမား တို့ကပင် စတင်၍ မီးမွှေးပေးခဲ့သည်။

ကျွန်ုပ်တို့သည် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း တလျှောက်လုံးတွင် ဗြိတိသျှ နှင့် ဂျပန်တို့အား လည်းကောင်း၊ ယင်းတို့နှင့် နီးစပ်သော နယ်ချဲ့သမား တို့အားလည်းကောင်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။

ကျွန်ုပ်တို့ ဤသို့ ဗြိတိသျှ နှင့် ဂျပန် ဆန့်ကျင်ရေး ဖြစ်သော တော်လှန်ရေးတို့ကို လုပ်ဆောင်ခဲ့သည်မှာ ဗြိတိသျှ တို့အား ရည်းစား လုဖက်ဖြစ်၍ မုန်းတီးခြင်းကြောင့်လော။ ဂျပန်တို့အား မယား လုဖက်ဖြစ်၍ အမြင်ကတ်သောကြောင့်လော။

ကျွန်ုပ်တို့၏ ပင်ကိုစိတ်၌ ဗြိတိသျှတို့ကို မမုန်း၊ ဂျပန်ကိုလည်း နှလုံးမနာ။ သို့သော် ၎င်းတို့၏ နယ်ချဲ့ခြင်းကိုမူ အလွန် စက်ဆုပ်ကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ဗြိတိသျှ နှင့် ဂျပန် တို့ကို မူအားဖြင့် တိုက်ထုတ်ခဲ့ကြသည်။ ဤသို့ တိုက်ထုတ်ရာ၌ ကျွန်ုပ်တို့သည် ရက်ရက်စက်စက် မညှာမတာ တိုက်ထုတ်ခဲ့ကြသည်။

သို့သော် ယင်းသို့ တိုက်ထုတ်ပြီးသည့် အခါ ကျွန်ုပ်တို့သည် ပုဂ္ဂိုလ်စွဲဖြင့် ဗြိတိသျှနှင့် သော်လည်းကောင်း၊ ဂျပန်နှင့် သော်လည်းကောင်း ရန်သူ ဖြစ်ခဲ့ကြသလော။

အမှန်မှာ မြန်မာ လူထုနှင့် ဗြိတိသျှ လူထုသည် လည်းကောင်း၊ ဂျပန် လူထုသည် လည်းကောင်း ယနေ့အဖို့၌ မိတ်ဆွေပမာ ဆက်ဆံ ပေါင်းသင်းလျက် ရှိကြသည် မဟုတ်လော။

ရှေးခေတ်က ဗြိတိသျှ နှင့် ဂျပန် တို့အပေါ်၌ ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းပြခဲ့သလောက် ယခုခေတ်၌ မြန်မာသည် ဗြိတိသျှ နှင့် ဂျပန် တို့အပေါ်၌ ခင်မင် ရင်းနှီးလျက် ရှိနေသည်။

ဤသို့ ဖြစ်ရသည်မှာ ကျွန်ုတို့သည် မူအရ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်သည်။

ယခု လွတ်လပ်ရေး ရသောခေတ်၌ ကျွန်ုပ်တို့သည် ပြည်သူပိုင် ဝါဒ၊ ဒီမိုကရေစီ ဝါဒ တို့ကို အခြေခံ၍ အလုပ် လုပ်လျက် ရှိကြသည်။

ကျွန်ုပ်တို့ ပြည်သူပိုင် ဝါဒကို လက်ခံ ကျင့်သုံးသည်မှာ နိုင်ငံခြား နှင့် တိုင်းရင်းသား သူဌေးသူကြွယ် တို့ကို မုန်းတီး၍လော။ ကျွန်ုပ်တို့ ဒီမိုကရေစီ ဝါဒကို တည်ဆောက်သည်မှာ ဗျူရိုကရက် ခေါ်သော ရာထမ်းမှုထမ်း တို့ကို မုန်းတီး၍လော။

အမှန်မှာ မည်သူမည်ဝါကိုမျှ မုန်းတီး၍ မဟုတ်ချေ။

အရင်းရှင် ဝါဒ နှင့် ဗျူရိုကရေစီ ဝါဒတို့ကို ပယ်ဖျက်မှသာလျှင် တိုင်းရင်းသားတို့ ကြီးပွား တိုးတက်မည်ဟု ယူဆခြင်းကြောင့် ဖြစ်သည်။

အရင်းရှင် စနစ် နှင့် ဗျူရိုကရေစီ စနစ် တို့ကို မူအားဖြင့် တိုက်ခိုက်လိုသော ဆန္ဒကြောင့် ဖြစ်သည်။

ယင်းသို့ ဖြစ်လျှင် ကျွန်ုပ်တို့သည် မူကိုသာကြည့်၍ အလုပ်လုပ်သင့်သည်။ လူကို အမြင်ကတ်၍ ပြည်သူပိုင် မလုပ်သင့်၊ လူကို မုန်းတီး၍ ဒီမိုကရေစီ မလုပ်သင့်၊ မူအရ မှန်ကန်သည် ဟူသော ယုံကြည်ချက်ဖြင့်သာ ဓမ္မဓိဌာန် လုပ်သင့်သည် ဖြစ်သည်။

သို့သော် မနူးမနပ်သော နိုင်ငံရေးသမားတို့က ကျွန်ုပ်တို့ နိုင်ငံသည် လွတ်လပ်ပြီဟု ကြေညာသည်နှင့် တပြိုင်နက် အရင်းရှင်ဟု ဟစ်အော် ကြွေးကြော်ကာ ကျွန်ုပ်တို့ တိုင်းရင်းသား အချင်းချင်းကို တိုက်ခိုက် လာကြသည်။

မြေရှင်ကြီးဟု အစ်အော် ကြွေးကြော်ကာ ကျွန်ုပ်တို့ တိုင်းရင်းသား အချင်းချင်းကို နှိပ်ကွပ်လာကြသည်။ ဗျူရိုကရက် ဟု ဟစ်အော် ကြွေးကြော်ကာ ကျွန်ုပ်တို့ တိုင်းရင်းသား အချင်းချင်း ညှဉ်းဆဲလာကြသည်။

သူဌေး ထံမှ ငွေချေး၍ မရသောအခါ အရင်းရှင် တိုက်ဖျက်ပစ်ဟု ဟစ်အော်လာသည်။ မြေရှင်ထံမှ မြေငှား၍ မရသော အခါ မြေရှင်ကြီး တိုက်ဖျက်ပစ် ဟု ကြွေးကြော်လာသည်။

မှုထမ်း ရာထမ်းထံမှ အခွင့်အရေး တောင်၍ မရသောအခါ ဗျူရိုကရက်ကို တိုက်ဖျက်ပစ် ဟု ကြေညာလာကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ရွှေလက်ကောက် တတောင်ဆစ်အထိ ဝတ်ထားသော ငါးစိမ်းသည်ကို မြင်လျှင်ပင် ငါးစိမ်း လုပ်ငန်းကို ပြည်သူပိုင် လုပ်လိုက်ချင်သည်။

မြေရာ တကွက်စာ ရှိသူကိုပင်လျှင် မြေပိုင်ရှင်ကြီးဟု ရေရွတ်ကာ ၎င်း၏ မြေရာ တကွက်ကို အပိုင် သိမ်းလိုက်ချင်သည်။ ရလာသမျှ လခ နှင့် မလုံမလောက် ဖြစ်ရသော ရဲသားကို တွေ့လျှင်ပင် ဗျူရိုကရက် တိုက်ဖျက်ပစ် ဟု ဆဲဆိုကာ ရဲသားကို အရာချချင်လာသည်။

ကျွန်ုပ်တို့ အချင်းချင်း ပြည်သူပိုင် လုပ်နေကြ၏။ လယ်ယာမြေ သိမ်းယူနေကြ၏။ ရာထူး ဖြုတ်နေကြ၏။

သို့သော် နိုင်ငံခြား အရင်းရှင်၊ မြေရှင်နှင့် ဗျူရိုကရက် တို့ကား ကျွန်ုပ်တို့နိုင်ငံ၏ အဆီကိုစား အသားကို မျိုမြဲ မျိုနေကြသည်။

ယနေ့ အဖို့၌ ကျွန်ုပ်တို့ နိုင်ငံတွင် နိုင်ငံခြားသား လက်ထဲ၌သာ အရင်းအနှီး ရှိ၏။ တိုင်းရင်းသား လက်ထဲ၌ တပြားမျှမရှိ။

ထို့ကြောင့် ယနေ့အဖို့၌ နိုင်ငံခြားသားတို့က ကျွန်ုပ်တို့ နိုင်ငံသို့ ကြွရောက်၍ ငွေပင်ငွေရင်း မြှုတ်နှံပါမည့် အကြောင်း တောင်းပန် တိုးလျှိုး၍ ရှိခိုးရခမန်း အသနား ခံနေရသည်။

ယနေ့အဖို့၌ မြန်မာ တိုင်းရင်းသား မြေရှင်ကလေးတို့မှာ လူစေ့တက်စေ့ လျော်ကြေး မရသေး။ သို့သော် ချစ်တီး မြေရှင်ကြီး တို့အတွက် လျော်ကြေးကိုကား ကျွန်ုပ်တို့က မှန်မှန် ဆက်သလျက် ရှိနေသည်။

ယနေ့အဖို့၌ ကျွန်ုပ်တို့ တိုင်းရင်းသား မှုထမ်းရာထမ်း တို့၌ အရည်အချင်း မရှိ၊ နိုင်ငံခြားမှ ပင့်လာသော မှုထမ်းရာထမ်း တို့သာလျှင် ပါရဂူကြီးများ ဖြစ်နေကြသည်။

ဤသို့ ဖြစ်ရသည်မှာ မူလက ကျွန်ုပ်တို့သည် နိုင်ငံရေး ဝါဒတို့ကို အကောင်အထည် ဖော်ရာ၌ မူကို ကြည့်၍ အကောင် အထည် မဖော်ဘဲ တိုင်းရင်းသား အချင်းချင်းတို့ စိတ်ထဲ၌ ထားရှိသော အာဃာတ တို့ကို အခြေတည်၍ အကောင် အထည် ဖော်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ ပြည်သူပိုင် လုပ်ငန်း ဟူသည်မှာ နိုင်ငံခြားသားတို့ အမြတ်ထုတ်ရာ လုပ်ငန်းများ ကဲ့သို့ ရှိလေတော့မည်။

ကျွန်ုပ်တို့၏ လယ်ယာမြေ ပြည်သူပိုင် ဆိုသည်မှာလည်း တောင်သူလယ်သမားတို့ အမတော်ကြေး လျှောက်၍ ကောင်းရုံမျှသာ ရှိလေတော့မည်။

ဒီမိုကရေစီ ယန္တရား ဟူသည်မှာလည်း ဗျူရိုကရက်တို့ကို မွေးထုတ်သည့် စက်ကြီးနှင့် တူလေတော့သည်။

ဤအချက် တို့ကို ဆင်ခြင်ပါလျှင် မူလက အာဃာတဖြင့် အရင်းတည်ခဲ့သော လုပ်ငန်းတို့တွင် အာဃာတ တရားကို ဖြေဖျောက် ပေးရန်မှာလည်း လွန်စွာ အရေးကြီးသော လုပ်ငန်းတရပ် ဖြစ်နေပြီကို တွေ့ရလိမ့်မည်။

ထို့ကြောင့် အာဃာတ ဖြေဖျောက်ရေး ဆိုသည်မှာ နောက်နောက်က နိုင်ငံရေးသမားချင်း စော်ကား ရန်စခဲ့သော အာဃာတကို သင်ပုန်း ချေရုံမျှသော လုပ်ငန်းမဟုတ်။

အာဃာတဖြင့် အရင်းတည်ခဲ့သမျှ တို့ကို ပြုပြင်ရန် လုပ်ငန်းလည်း ဖြစ်စေရမည်။

လူတန်းစား အချင်းချင်း တို့၏ အာဃာတ တရားကို အရင်းပြု၍ နိုင်ငံရေး အမြတ် ထုတ်ခြင်းသည် နိုင်ငံသမားတို့၏ ကျဆုံးခြင်းကို ဖန်တီးပေးလျက် ရှိသည်။

ဤသဘောတရားကို နားမလည်ဘဲ နိုင်ငံရေး၌ လူလည် လုပ်နေကြသော သူတို့သည် နိုင်ငံရေး အမြင် ရှိလာကြသည့် လူထုခေတ် ရောက်သော် ၎င်းတို့၏ နိုင်ငံရေးသမား ဘဝကို နိဂုံးကမ္ပတ် အဆုံးသတ်ကြရလိမ့်မည်။ ။

(စာရေးဆရာကြီး မောင်ထင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ဇေယျာမိုး စာအုပ်တိုက်က ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ဝေသော “ကျွန်မ ဒီမိုကရေစီ” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် အသက် ၉၆ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>