ဘီဘီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဘီဘီ Covering Burma and Southeast Asia Fri, 09 Oct 2026 15:42:26 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဘီဘီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဘီဘီ 32 32 ယိုသူမရှက် မြင်သူရှက် https://burma.irrawaddy.com/article/2026/10/10/416942.html Sat, 10 Oct 2026 01:00:14 +0000 https://burma.irrawaddy.com/?p=416942 စစ်အာဏာရှင်များသည် အရှက်နှင့် လူလုပ်သူများ မဟုတ်ဘဲ အသက်နှင့် လူလုပ်သူများသာ ဖြစ်… ရဲဘော်၊ အကြပ်နှင့် စစ်ဗိုလ်ငယ်များ အသက်ပင်သေသေ ၎င်းတို့အသက် မသေရေးသည်သာ အဓိက… ]]>

ငြိမ်ပိ စစ်အာဏာရှင်များသည် ဗြိတိသျှ လူမျိုးများအား ၎င်းတို့ အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ၃ နှစ်တာကာလ အတောအတွင်း တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်၍ တဖုံ နည်းမျိုးစုံဖြင့် ကဲ့ရဲ့ဝေဖန် ပြစ်တင်လျက် ရှိပေသည်။

၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် ရှေ့နေ ဦးနေမင်းက ဘီဘီစီ သို့ သတင်းပေးပို့သည့် ကိစ္စမှ အစပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ထောင်ရေး ကိစ္စများအပေါ် အခြေခံပြီး ဗြိတိသျှ လူမျိုးများနှင့် မြန်မာလူမျိုးများ လူမျိုးအချင်းချင်း မုန်းတီးရေး လုပ်ဇာတ်များကို ဒုတိယ ကမ္ဘာစစ်က အရိုးအဆွေးများကိုပင် တူးဖော်ပြီး ဖန်တီးလျက် ရှိနေသည်။

ငြိမ်ပိတို့၏ သတင်းစာ ရှင်းလင်းပွဲများတွင် အရှက်မရှိ မျက်နှာပြောင်ပြောင်ဖြင့် နိုင်ငံတကာအား ပုတ်ခတ်ပြောဆိုနေသော တပ်မတော် ထောက်လှမ်းရေး ဒုညွှန်ကြားရေးမှူး ဖြစ်သူ ဗိုလ်မှူးကြီး ဦးသန်းထွန်းသည် ဇနီးသည် ဒေါ်ခင်နန်းမြင့်တွင် ကင်ဆာ ရောဂါ စွဲကပ်လာသော အခါ ၎င်းတို့ အလွန် မုန်းတီးနေသော ရန်ကုန်မြို့ရှိ ဗြိတိသျှ သံရုံးသို့ အရှက်မရှိ မျက်နှာငယ် ကလေးဖြင့် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံပြီး လန်ဒန်သို့ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဆေးဝါးကုသမှု ခံယူရန် ရောက်ရှိလာခဲ့သည်။

သို့သော်လည်း ပြည်သူများ၏ မေတ္တာ စူးရှသောကြောင့် ခွဲစိတ်ကုသရန်ပင် မလိုတော့ဘဲ (ဆရာဝန်ကြီးများ လက်လျှော့၍) ရန်ကုန်သို့ ပြန်လည်ထွက်ခွာ သွားရပြီ ဖြစ်သည်။

ယခု တဖန် ၁၉၉၂ မတ်လ ၂၃ ရက်နေ့တွင် ငြိမ်ပိ အစိုးရ၏ ဝန်ကြီး ဦးမောင်မောင်ခင် အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် (ရေ) သည် အစာအိမ် ကင်ဆာ ရောဂါဖြစ်၍ အာဏာရှင် ဦးနေဝင်း၏ ဖောက်သည် ဖြစ်သော လန်ဒန်မြို့ရှိ ကရောင်းဝဲလ် ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသခံလျက် ရှိနေပါသည်။

၎င်း၏ဇနီး ဒေါက်တာ ဒေါ်နန်းဦး အပါအဝင် အဖွဲ့ဝင် ဗိုလ်မှူးများသည် အမှတ် ၈၃ ဝိတိုရိယဒရိုက်ရှိ သံရုံး ဧည့်ဂေဟာတွင် တည်းခို နေထိုင်လျက် ရှိကြသည်။

၎င်းအဖွဲ့နှင့် မရှေးမနှောင်းတွင် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ် သိန်းဝင်း၏ ဇနီးသည်လည်း ကင်ဆာရောဂါ ရှိနေ၍ ဆေးကုသရန် လန်ဒန်သို့ ရောက်ရှိလာပြန်ပါသည်။

အဖွဲ့ဝင် ကိုယ်ရံတော် ဗိုလ်မှူး ၄ ဦးနှင့်အတူ အမှတ် ၄၀၆၊ ဝင်ဘိုတန် လမ်းရှိ စစ်သံရုံး ဧည့်ဂေဟာတွင် တည်းခို နေထိုင်လျက် ရှိကြသည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ရှိ စစ်သံမှူးရုံး၌ ကျင်းပသော တပ်မတော်နေ့ ဧည့်ခံပွဲသို့ အဆိုပါ ဆေးကုသရန် လာသော အဖွဲ့မှ ကိုယ်ရံတော် စစ်ဗိုလ်များ တက်ရောက်လာသည်ကို မြင်တွေ့သွားသော စစ်အာဏာရှင် စနစ် ဆန့်ကျင် ဆန္ဒပြသူများက “ရှက်ဖွယ်” “ရှက်ဖွယ်” ဟု မေတ္တာပို့ အော်ဟစ်ကြသည်။

ယိုသူမရှက် မြင်သူရှက် အခြေအနေတွင် ရှိနေခြင်းကြောင့် ဧည့်ဂေဟာများသို့ စုဝေးဆန္ဒပြ၍ မောင်းထုတ်ကြရန် စီစဉ်လျက် ရှိကြသည်။

ငြိမ်ပိ စစ်အာဏာရှင်များသည် အရှက်နှင့် လူလုပ်သူများ မဟုတ်ဘဲ အသက်နှင့် လူလုပ်သူများသာ ဖြစ်ကြသည်။ ရဲဘော်၊ အကြပ်နှင့် စစ်ဗိုလ်ငယ်များ အသက်ပင်သေသေ ၎င်းတို့အသက် မသေရေးသည်သာ အဓိကဖြစ်ကြသည်။

ဘယ်သူ သေသေ ၊ ငတေမာလျှင် ပြီးရော ဆိုသော စစ်ဓားပြကြီးများသာ ဖြစ်ကြသည်။

ရှေ့တန်း စစ်မျက်နှာများတွင် ကျောင်းသားလူငယ် အရွယ် စစ်သား နှင့် ကျောင်းသားများ၊ စစ်သားနှင့် လူမျိုးစုများသည် တိုက်ပွဲ ပြင်းထန်နေသည်။

ယခုနှစ် မတ်လတွင် ဗိုလ်မှူးကြီးများ၏ သားသမီးများသည် လန်ဒန်ရှိ မြန်မာသံရုံး စာစစ်ဌာနတွင် ၁၀ တန်း စာမေးပွဲကို နိုင်ငံခြားငွေ အကုန်အကျခံပြီး လာရောက်ဖြေဆိုကြသည်။

၎င်းတို့၏ သားသမီးများသည် ၁၀ တန်းစာမေးပွဲကို ရန်ကုန်မြို့တွင် အများတကာနှင့် အတူတူ ဖြေဆိုခဲ့ပြီး ဖြစ်သော်လည်း သုံးလေးကြိမ် ကျရှုံးခဲ့ကြပြီး ဖြစ်သည်။

သံရုံးများတွင် စစ်ဗိုလ်ကြီးများ၏ သားသမီးများသည် စာအုပ်လှန်၍ ခိုးချ ဖြေဆိုနေကြသည်။ စာမေးပွဲ ကြီးကြပ်သည့် သံအမတ်ကြီးများ အနေဖြင့်လည်း ရာထူးအပြုတ်ခံပြီး အမုန်းခံ၍ မပြောရဲကြတော့ပေ။

ယခင်နှစ်က ကျင်းပသည့် ၁၀ တန်းစာမေးပွဲများကို လန်ဒန်ရှိ မြန်မာသံရုံး စာစစ်ဌာနတွင် သံအမတ်ကြီး ဦးတင်လှိုင် (ယခင် ဧရာဝတီတိုင်း ကောင်စီ ဥက္ကဋ္ဌဟောင်း၊ ယခု ရန်ကုန်ပြန်သွားပြီ ဖြစ်သူ) က ဦးစီးကြီးကြပ် စစ်ဆေးသည်။

ဗိုလ်မှူးကြီး တင်ဦးနှင့် ထောက်လှမ်းရေး အရာရှိ ဗိုလ် စိုးအောင်တို့၏ သားသမီးများသည် စာအုပ်လှန်ပြီး ကူးယူဖြေဆိုကြ၍ ဂုဏ်ထူးများဖြင့် အောင်ခဲ့ကြသည်။

သံအမတ်ကြီး ဦးတင်လှိုင် အနေဖြင့် စာမေးပွဲခန်းသို့ ဝင်ကြည့်မိတိုင်း ဖြေဆိုသူ အားလုံးသည် စာအုပ် လှန်၍ ဖြေဆို နေကြသည်ကိုသာ တွေ့ရသည်။

ပထမနေ့ ဖြေဆိုပြီးနောက် ဖြေဆိုသူ ကျောင်းသား/သူများ စာအုပ်စာတမ်းများကို သိမ်းဆည်းနေချိန်တွင် သံအမတ်ကြီးက စာမေးပွဲခန်းထဲသို့ ဝင်လာပြီး အောင့်သက်သက်ဖြင့် စာမေးပွဲဖြေဆိုသူများအား-

“မင်းတို့ မနက်ဖြန်လည်း ခိုးချမယ့် စာအုပ်တွေ ယူလာခဲ့ဖို့ မမေ့ကြနဲ့” ဟု ရိသဲ့သဲ့ ပြောဆိုမိရှာသည်။

သို့ဖြင့် ဦးတင်လှိုင်သည် နှစ်မစေ့မီမှာပင် သံအမတ်ကြီး ရာထူးမှ ပြုတ်သွားခြင်းသည် ပွဲခင်းထဲတွင် လုရိုက်ခံရသကဲ့သို့ မည်သူ ဆော်လိုက်သည်ကို လက်သည်မပေါ်ဘဲ ဖြစ်နေသည်။

ယခု လန်ဒန်ရှိ မြန်မာသံရုံးသို့ ဟာဂျီမ၊ ပျဉ်းမနား ဒေါ်ပု၏ ထရပ်စတီး အဖွဲ့ဝင်နှင့် အာဏာရှင် ဦးနေဝင်း၏ တပည့်ရင်း ဖြစ်သူ ဦးလှမောင် (ယခု ယူဂိုဆလဗ် သံအမတ်ကြီး) ကို ခန့်အပ်ပြီး ဖြစ်သည်။

ငြိမ်ပိ ဖခင်ကြီး ဦးနေဝင်းသည် ယခုတလော မကျန်းမမာ ဖြစ်နေခြင်း၊ ၎င်း၏ တပည့် ဦးလှမောင်အား သံအမတ်ခန့်ခြင်း၊ ငြိမ်ပိ ဝန်ကြီးများ အနေဖြင့် ဗြိတိန်နိုင်ငံသို့ ၎င်းတို့၏ ဦးခေါင်းကလေး ဝင်၍ရနေပြီ ဖြစ်ရာ ကိုယ်ခန္ဓာကြီးနှင့်တူသော ဦးနေဝင်း ဆေးကုသမှု ခံယူရန်အတွက် သွေးတိုးစမ်းလျက် ရှိနေခြင်းဟုလည်း တနည်းအားဖြင့် တွက်ဆနိုင်ပါသည်။

အရှက်တရား လုံးဝမရှိသော ငတေကြီး ဦးနေဝင်းနှင့် နောက်လိုက် အပေါင်းအပါတို့၏ အမူအကျင့်များကြောင့် မြန်မာလူမျိုး များသည် ကမာ္ဘ့အလယ်တွင် ကဲ့ရဲ့ပြောဆိုခြင်းကို ခံနေကြရပါသည်။

ဤအခိုက်အတန့် ကာလအား လင်းရောင်ခြည် ပေါ်ထွက်မလာမီ အမှောင်မိုက်ဆုံး ကာလအဖြစ် မြန်မာ့သမိုင်းတွင် သုတေသီများ အနေဖြင့် မှတ်တမ်း တင်ကြရမည်သာ ဖြစ်ပါသည်။ ။

ဒေါင်းအိုးဝေ၊ အတွဲ ၃၊ အမှတ် ၂၊ မတ်၊ ဧပြီ၊ မေ၊ ၁၉၉၂ ခု။
(စာရေးဆရာ အဝေးရောက် သံတမန်တစ်ဦး ရေးသားသည့် ဤဆောင်းပါးကို လွင်ဦး စာပေ (လှည်းတန်း) က ၂၀၁၇ ခုနှစ် စက်တင်ဘာ လတွင် ထုတ်ဝေသော “အာဏာ အလွဲသုံးစားသူများ၏ အတွင်းရေး အဖြစ်မှန်များ” ဒုတိယအကြိမ် စာအုပ်မှ ထုတ်နုတ် ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>