မန္တလေးသိန်းဇော် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မန္တလေးသိန်းဇော် Covering Burma and Southeast Asia Thu, 15 Oct 2026 02:58:52 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png မန္တလေးသိန်းဇော် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/မန္တလေးသိန်းဇော် 32 32 ပွဲကြိုက်ခင်များကို အပြစ်ဆိုသာပါရဲ့လား https://burma.irrawaddy.com/opinion/viewpoint/2026/10/15/417038.html Thu, 15 Oct 2026 02:57:01 +0000 https://burma.irrawaddy.com/?p=417038 ပြည်တွင်းဇာတ်ပွဲတွေကျ ဝေဖန်ခံရပြီး ပြည်ပ ဖျော်ဖြေရေးပွဲတွေမှာ ပါဝင်သူတွေကျ သူရဲကောင်းဆန်ဆန် ဘာကြောင့် အားပေးခံရပါသလဲ။]]>

“အပျော်ဆိုတာရယ်……ငွေကုန်ခံနိုင်ရင်…. အကောင်းဆုံးပေါ့ ခင်နှမရယ်”

ပွဲကြိုက်ခင်သီချင်းရဲ့ ဒီစာသားက လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ နေရာတွေကလွဲပြီး မြန်မာပြည်တလွှား အခုနှစ် သဘင်ရာသီမှာ ပျံ့နှံ့လို့ လာပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက စောင်းဦးဘသန်း ၁၁၃ နှစ်ပြည့် ဂီတပွဲမှာ နာမည်ကျော် ဇာတ်မင်းသား အောင်ဇမ္ဗူနဲ့ စမ်းရေမိုးတို့က သီဆိုခဲ့သလို ဇာတ်ပွဲတိုင်းလိုလိုမှာလည်း ဖျော်ဖြေလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသားကဇာတ်ရုံမှာလည်း ဇာတ်မင်းသားကြီး မန္တလေးသိန်းဇော်က သဘင့်သက်တမ်း ရွှေရတုဆိုပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့ ချမ်းသာ၊ မိုးဝင်း၊ နန်းဝင်းတို့ အတူတွဲ ဖျော်ဖြေတာလည်း ကြည့်ခဲ့ရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြီးစကတည်းက မိုးအလင်းကကြတဲ့ ဇာတ်တွေ အားနည်းသွားရာကနေ အာဏာသိမ်းမှုကြောင့် ညမထွက်ရအမိန့်၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေတွေကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်ခဲ့ရပါတယ်။ ဘုရားရှိခိုး၊ အပျိုတော်ယိမ်း၊ ပဏာမ၊ မြန်မာသံ၊ စတိတ်ရှိုး၊ အငြိမ့်၊ နှစ်ပါးခွင်၊ နောက်ပိုင်းဇာတ်တော်ကြီးဆိုပြီး အပိုင်းလိုက် စုံစုံလင်လင် ဖျော်ဖြေကြတဲ့ မြန်မာ့ဇာတ်သဘင်၊ သုခုမအနုပညာတွေ နယ်လှည့်ဘုရားပွဲတွေမှာ အခုလို မြိုင်မြိုင်ဆိုင်ဆိုင် ပြန်ဖြစ်လာတာ သိပ်ကြာလှသေးတာ မဟုတ်ပါဘူး။

ဒါပေမဲ့ အာဏာသိမ်းမှုအလွန် ဇာတ်ပွဲနှစ်ချိုက်တဲ့ ပြည်တွင်းက ပွဲကြိုက်ခင်များကို စစ်အာဏာရှင်လက်အောက် အပျော်ရှာတယ်ဆိုပြီး ဝေဖန်သံတွေနဲ့ ပွဲအတော်ဆူသွားခဲ့ပါတယ်။

တဖက်မှာလည်း လုံခြုံအေးချမ်းတဲ့ နိုင်ငံရပ်ခြား နယူးယောက်၊ မဲလ်ဘုန်း၊ တိုကျို၊ ဆိုးလ်စတဲ့ မြို့ကြီးတွေမှာလည်း ဒီလိုပုံစံ ဖျော်ဖြေမှုတွေ၊ တေးဂီတပွဲတွေ၊ သင်္ကြန်ဆင်နွှဲမှုတွေ အာဏာသိမ်းကာလတလျှောက် တွေ့ခဲ့ကြရ၊ တွေ့နေရဆဲ ဖြစ်ပါတယ်။ Rဇာနည်၊ ဖြူဖြူကျော်သိန်း၊ လင်းလင်းနဲ့ မင်းမော်ကွန်းစတဲ့ နိုင်ငံကျော် အနုပညာရှင်တွေနဲ့ အဆိုတော်ကြီးတွေက ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းကို ခြိမ့်ခြိမ့်သဲ ဖျော်ဖြေနေကြပါတယ်။ ဒီဖျော်ဖြေမှုတွေကိုတော့ ဝေဖန်သံတွေအစား ချီးကျူးထောပနာ ပြုကြပါတယ်။ People’s Spring မီဒီယာကဆို ဆန်ဖရန်စစ္စကိုမှာ ပြည်တော်ဝင်သီချင်းနဲ့ ဖျော်ဖြေခဲ့တဲ့ ပြည်ပရောက် ဇာတ်ပို့သရုပ်ဆောင် မအေးအေးခိုင်ကို “ကျေးဇူးပါ မအေးအေးခိုင်” ဆိုပြီး ဆောင်းပါးတင် ဂုဏ်ပြုခဲ့ပါသေးတယ်။

ပြည်တွင်းဇာတ်ပွဲတွေကျ ဝေဖန်ခံရပြီး ပြည်ပ ဖျော်ဖြေရေးပွဲတွေမှာ ပါဝင်သူတွေကျ သူရဲကောင်းဆန်ဆန် ဘာကြောင့် အားပေးခံရပါသလဲ။ ကွာခြားချက်က နိုင်ငံရေးအရ ပုံဖော်မှုပဲ ဖြစ်ပါတယ်။ ပြည်ပဖျော်ဖြေရေးပွဲတွေကို နိုင်ငံရေးအရ အံတုမှု (resistance) အဖြစ် ရည်ရွယ်ချက်ရှိရှိ တံဆိပ်ကပ်ကြလို့ပါ။

ပြည်ပရှိ ပွဲစီစဉ်သူများက သူတို့ရဲ့ တေးဂီတဖျော်ဖြေပွဲများကို ဒီမိုကရေစီတော်လှန်ရေးဆိုတဲ့ အလံအောက်မှာ ဖုံးအုပ်ထားပြီး၊ နွေဦးတော်လှန်ရေး ရန်ပုံငွေပွဲများ (သို့) သွေးစည်းညီညွတ်ရေး ညများစသဖြင့် တံဆိပ်ကပ်ကြပါတယ်။ သီဆိုဖျော်ဖြေမှုတွေကို နိုင်ငံရေးဟောပြောမှုတွေနဲ့ ရောနှောတာ၊ တော်လှန်ရေးအတွက် ကြွေးကြော်တာတွေ လုပ်ပါတယ်။ ဂီတနဲ့ အကတင်ဆက်မှု ပါဝင်တဲ့ ပွဲတခုကို အံတုမှု (resistance) ဆိုတဲ့ ဝေါဟာရ တပ်လိုက်ပြီး ပြည်ပရောက် မြန်မာတွေက သူတို့ပျော်ရွှင်မှုအတွက် ကိုယ်ကျင့်တရားအရပါ မြင့်မြတ်တယ်ဆိုတဲ့ နေရာတခုကို ဖန်တီးထားကြတာပါ။

ဖျော်ဖြေမှု၊ ဂီတ၊ ပျော်ရွှင်မှု၊ ဟာသ၊ ရသ အတူတူပင်ဆိုသော်ငြား တပ်လိုက်တဲ့ တံဆိပ်ကြောင့် ဒီဖျော်ဖြေပွဲ (ပျော်ပွဲရွှင်ပွဲ) ဟာ အလိုအလျောက် နိုင်ငံရေးအရ သူရဲကောင်းဆန်တဲ့ လုပ်ရပ်တခုအဖြစ် ဖန်တီးလိုက်တယ်လို့ မှတ်ယူရမှာပါ။ ဒီလို သိသာထင်ရှားစေတဲ့ ကွာခြားချက်က စိတ်မကောင်းစရာ မေးခွန်းတခု ရှိလာစေပါတယ်။

ဘာကြောင့် ပြည်တွင်းက ပွဲကြိုက်ခင်များရဲ့ ခဏတာပျော်ရွှင်မှု ရှာဖွေခြင်းက အာဏာရှင်လက်အောက် အပျော်ရှာခြင်းအဖြစ် ပြစ်တင်ရှုတ်ချခံရပြီး၊ ပြည်ပက ထိုပျော်ရွှင်မှုမျိုးကို ရှာဖွေခြင်းကျတော့ တော်လှန်ရေးလုပ်ရပ်တခုအဖြစ် ချီးကျူးဂုဏ်ပြုခံနေရပါသလဲ။

ဒါ့အပြင် အံတုမှု၊ တော်လှန်ရေး စတဲ့ အသုံးအနှုန်းကို ဘယ်လို သုံးနေကြသလဲဆိုတာနဲ့ ဒီလိုသုံးနေတဲ့ အခြေအနေကြောင့် ဘာတွေဆုံးရှုံးလိုက်ကြရလဲ၊ ဘာတွေ စတေးကြရသလဲဆိုတာကို စဉ်းစားကြရမယ့် အချိန်လည်း ရောက်လာပါတယ်။ ပြည်ပ ပွဲများကို တော်လှန်ရေးနဲ့ ကိုက်ညီမှုရှိတယ်ဆိုပြီး ချီးကျူးနေချိန် ပြည်တွင်းရှိ သုခုမ အနုပညာများကို ထင်ရှားသော နိုင်ငံရေးတံဆိပ် မပါရှိဟုဆိုကာ ဝေဖန်ကြမယ်ဆိုရင် အံတုတွန်းလှန်ခြင်းရဲ့ အနှစ်သာရနဲ့ ဇာတ်ပွဲ၊ သင်္ကြန်စတဲ့ မြန်မာ့ဓလေ့ ယဉ်ကျေးမှုဆိုင်ရာ ဖြစ်စဉ်တွေရဲ့ ပင်ကိုတန်ဖိုးတို့ကို ဆုံးရှုံးကြရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

မနုဿဗေဒပညာရှင် မိုက်ကယ် အက်ဖ် ဘရောင်း (Michael F. Brown) က ၁၉၉၆ ခုနှစ် ရေးသားခဲ့တဲ့ “On Resisting Resistance” စာတမ်းမှာ လူသားတွေရဲ့ လုပ်ရပ်တိုင်းကို နိုင်ငံရေးအရ အံတုမှုအဖြစ် စွဲလမ်းစွာ တံဆိပ်ကပ်ခြင်းရဲ့ အန္တရာယ်ကို သတိပေးခဲ့ပါတယ်။ Brown အဆိုအရ အံတုမှု/တွန်းလှန်မှုဆိုတာက လူတို့ရဲ့ ကိုယ်ကျင့်တရားမှာ မြင့်မြတ်တဲ့ဘက်က ရှိနေတယ်၊ ဓမ္မနဲ့ အဓမ္မမှာ ဓမ္မဘက်မှာ ကိုယ်က ရှိနေတယ်၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားက ဖြောင့်မှန်တယ်ဆိုတာမျိုးတွေကို အတည်ပြုဖို့ တန်ဆာဆင်တဲ့ အသုံးအနှုန်းတခုအဖြစ် ပြောင်းလဲနေကြောင်း တွေ့ရှိလာရပါတယ်။

ဒါကြောင့် သီချင်းတိုင်း၊ ဖျော်ဖြေမှုတိုင်း၊ အနုသုခုမတိုင်းကို ကိုယ်ကျင့်တရားအရ လက်ခံနိုင်ဖွယ်ရှိဖို့ တော်လှန်ရေးတံဆိပ်ကပ်လာတာက တွန်းလှန်မှုဆိုတဲ့ အနှစ်သာရကို ဆုံးရှုံးသွားစေပါတယ်။ ဒီလို ဝေါဟာရမှတ်စုတခုကို နေရာတိုင်းမှာ သုံးတာက Brown အဆိုအရ မတရားမှုရဲ့ တကယ့်အနှစ်သာရအပေါ် ကျွန်ုပ်တို့၏ ခံစားသိရှိနိုင်စွမ်းကို လျော့ကျသွားစေသော လှုပ်ရှားမှုတခုကို ဖြစ်ပေါ်စေပါတယ်။ ဘေးအန္တရာယ်ကင်းတဲ့ နိုင်ငံတခုက ရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲကို တက်ရောက်ခြင်းကဲ့သို့ သာမန်ဘေးကင်းတဲ့လုပ်ရပ်များကို ပြည်တွင်းက အန္တရာယ်ပေါင်းစုံအကြား ဖိနှိပ်ခံနေရသူများရဲ့ သေရေးရှင်ရေး တကယ်တမ်း ဒုက္ခဆင်းရဲမှုများနဲ့ တပုံစံတည်းဖြစ်တဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဆင့်အတန်းတခုအဖြစ်သို့ မြှင့်တင်လိုက်ရင် အခုလိုမျိုး ဖြစ်ပေါ်လာပါတယ်။ အရာရာတိုင်းကို တော်လှန်ရေးအဖြစ် သတ်မှတ်လိုက်တဲ့အခါ အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ ထူးခြားပြောင်မြောက်တဲ့ ရဲစွမ်းသတ္တိရဲ့ အရည်အသွေးကို ကျဆင်းစေနိုင်ပြီး အန္တရာယ်နှင့် စိတ်ဒဏ်ရာတို့၏ နက်ရှိုင်းသော ကွာခြားချက်များရဲ့ လေးနက်မှုကိုလည်း လျော့ကျစေပါတယ်။

အံတုတွန်းလှန်မှုကို အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆိုင်ရာ တွန်းလှန်မှုထက် လူမှုရေးအရ အကဲဖြတ်ချက်တခုသာသာ စံနှုန်းတခုပဲ ဖြစ်လာတဲ့အခါ ဒီအသုံးအနှုန်းကို အလွဲသုံးစား လုပ်ခံရနိုင်ခြေလည်း ရှိပါတယ်။ တကယ်လို့ လူ့အဖွဲ့အစည်းက တော်လှန်ရေးမှာပါတဲ့ ဘက်တော်သား တယောက်၊ တော်လှန်ရေးမှာ တက်တက်ကြွကြွလုပ်တယ်ဆိုပြီး ပုံဖော်ထားတဲ့ လူတယောက်ကို အကြွင်းမဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ကင်းလွတ်ခွင့် ပေးလိုက်ရင် ထိုတံဆိပ်ကပ်မှုဟာ ဒီလူတွေက အဆိပ်အတောက်နဲ့ စော်ကားမှုကို ဖြစ်စေတဲ့ လုပ်ရပ်တွေရှိလာရင်တောင် အကာအကွယ်ပေးတာမျိုး ဖြစ်လာစေပါတယ်။

အာဏာသိမ်းမှု အစောပိုင်းကာလ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်ဘူးလို့ ယူဆရသူတွေကို အွန်လိုင်းကတဆင့် လူမှုရေးပြစ်ဒဏ်ခတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြစဉ်တုန်းက ဒီကြောက်စရာကောင်းတဲ့ ပုံစံတွေ မြင်ခဲ့ရပါတယ်။ ဒီလူမှုရေးပြစ်ဒဏ်ခတ် လှုပ်ရှားမှုတွေကနေ အာဏာသိမ်းမှုအပေါ် နှုတ်ဆိတ်နေကြတဲ့ အနုပညာရှင်များက စစ်တပ်မိသားစုများနဲ့ ဆက်စပ်တယ်လို့ ယူဆကြတဲ့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသူများအထိ အမျိုးသမီးပေါင်းများစွာအပေါ် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံဗီဒီယိုများ ဖန်တီးပြီး လက်နက်သဖွယ် (revenge porn) အသုံးပြုတာမျိုးတွေပါ။

ဒါကိုလည်း အာဏာသိမ်းမှုအပေါ်မှာ နှုတ်ဆိတ်နေကြလို့ တော်လှန်ရေးကို အားပေးဖို့ လုပ်ထိုက်တယ်၊ ငါတို့က အံတုတွန်းလှန်မှုဘက်က ရပ်လို့ ငါတို့ လုပ်ရပ်ကသာလျှင် အမှန်ဆိုပြီး တရားသေဆုပ်ကိုင်ခဲ့ကြပါတယ်။ ဒီလို ကြမ်းကြုတ်မှု၊ သာမန်အခြေအနေမှာ လူ့ကျင့်ဝတ်အရ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်တွေကို တော်လှန်ရေးအတွက်ဆိုပြီး ကျူးလွန်လာကြတဲ့အခါ တော်လှန်ရေးရဲ့ ကိုယ်ကျင့်သိက္ခာဆိုင်ရာ ရေချိန်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းတခုမှာ အမှားနဲ့ အမှန်ကို နိုင်ငံရေးတံဆိပ်တခုတည်းက ချုပ်ကိုင်ခြယ်လှယ်ခွင့် မပေးမိစေဖို့ ဘာကြောင့် သတိပြုမိသင့်လဲဆိုတာကို မြင်သာစေပါတယ်။

ဒါ့အပြင် ဝင်လေထွက်လေတိုင်းကို နိုင်ငံရေးအံတုမှုအဖြစ် လုပ်နေကြရင်းနဲ့ နေ့စဉ်ဘဝ ယဉ်ကျေးမှုအစဉ်အလာတွေရဲ့ မရှိမဖြစ် အခန်းကဏ္ဍကို အလေးဂရုမပြုမိသလို ဖြစ်စေပါတယ်။ ဒီအရေးကိစ္စက လူ့အသိုက်အဝန်းက ရှေးကျလှတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထက် အသိုက်အဝန်းအကြား ပျော်ရွှင်နှစ်လိုမှု၊ လူမှုဆက်ဆံရေးနဲ့ ဖျော်ဖြေရေးတွေကို မျှဝေခံစားဖို့ လူသားတွေရဲ့ အခြေခံလိုအပ်ချက်များအကြောင်း ပိုပြီး ဖြစ်ပါတယ်။ သမိုင်းဝင် ဘုရားပွဲတော်များဖြစ်စေ၊ ဒေသတွင်း ရပ်ကွက်စုဝေးမှုများဖြစ်စေ၊ ခေတ်ပေါ် တေးဂီတပွဲများဖြစ်စေ၊ ဒီလိုဇာတ်ပွဲ ဘုရားပွဲ ရိုးရာစုဝေးမှုတွေက မြန်မာ့သရုပ်သကန်နဲ့ အသိုက်အဝန်းမှာ ရစ်နွှယ်နေတာပါ။

ဒါကြောင့်လည်း လေးစားရတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာက ဒီလိုပွဲတော်ကြီးများရဲ့ ဘက်စုံအရေးပါမှုတွေကို “၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့အညာ” စာအုပ်မှာ
“ဘုရားပွဲဆိုပေမဲ့ ကျွန်မတို့ဆီကလူတွေအဖို့တော့ မရှိမဖြစ်ပါပဲ။ သူတို့ဟာ ပွဲလည်းကြည့်ကြ၊ အလှူအတန်းလည်းလုပ်ကြ၊ ဆွေမျိုးမိတ်ဆွေတွေနဲ့လည်း ဒီပွဲမှာပဲ ပျော်ပျော်ပါးပါး ပြန်ဆုံကြရတာပါ။ ဒါကြောင့် ဘုရားပွဲဆိုပေမဲ့ လူမှုရေး၊ စီးပွားရေး၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဘာသာရေး အသွင်အပြင်တွေ အားလုံးပါဝင်နေပါတယ်” ဆိုပြီး ပီပီပြင်ပြင် ရေးထားပါတယ်။

တကယ်လို့ လူသားတွေရဲ့ လှုပ်ရှားမှုအားလုံးကို အာဏာရှိသူနဲ့ အာဏာကို ဆန့်ကျင်သူဆိုတဲ့ ရှုထောင့်ကနေပဲ ကြည့်မယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းက ပညာရှင် Brown အဆိုအရ လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ အသိုက်အဝန်းပေါ် ကျနော်တို့ရဲ့ နားလည်မှုကို လျော့ကျနွမ်းပါးစေပါတယ်။ လူထုဒေါ်အမာ မှတ်ချက်ပြုခဲ့သည့်အတိုင်းလည်း ဒီပွဲတော်များက လူမှုရေး၊ စီးပွားရေးနဲ့ နှလုံးသားရေးရာ ရှင်သန်မှုအပေါ် မရှိမဖြစ် ဆုံချက်တခု ဖြစ်ပါတယ်။ Brown ရှင်းပြခဲ့သလို၊ အလွန်အမင်း ခက်ခဲကျပ်တည်းတဲ့ ကာလတွေမှာတောင် လူသားတွေက သူတို့ရဲ့ စိတ်ခံစားမှု၊ အသိဉာဏ်၊ အလှအပခံစားမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များကို အသုံးပြုကာ လူမှုဝန်းကျင်အမျိုးမျိုးမှာ ရှင်သန်ဖြစ်မြောက်အောင် ကြိုးပမ်းနေကြတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။

မြန်မာ့အကျပ်အတည်းကြီး မပြီးဆုံးမချင်း နိုင်ငံတခုရဲ့ လူမှုအသိုက်အဝန်းကို အသက်ရှူအောင့်ထားခိုင်းလိုက်သလို ယဉ်ကျေးမှုဆိုင်ရာ ပျော်ရွှင်မှု၊ ရိုးရာဓလေ့နဲ့ လူထုစုဝေးမှုအားလုံးကို ရပ်ဆိုင်းထားဖို့ မျှော်လင့်ခြင်းက လူသားတို့ ရှင်သန်ရပ်တည်တဲ့ ဘက်စုံလမ်းကြောင်းများ ရှိတာကို လျစ်လျူရှုရာလည်း ရောက်ပါတယ်။

Brown က သူ၏ ဝေဖန်ချက်မှာ အလေးအနက်ထား ဖော်ပြခဲ့သလို လူမှုဘဝဆိုတာ ဖိနှိပ်သူနဲ့ ဖိနှိပ်ခံဆိုတဲ့ ရှုထောင့်တခုတည်းကချည်း အဓိပ္ပာယ်ဖွင့်လို့ မရပါဘူး။ စစ်အာဏာရှင်လက်အောက်မှာ ဒီလို အာဏာချိန်ခွင်လျှာက ရှိတာမှန်ပေမယ့် လူ့အဖွဲ့အစည်းဆိုတာ အပြန်အလှန်ကျေးဇူးပြုခြင်း၊ သူတပါးအကျိုးဆောင်ခြင်းနဲ့ စိတ်ကူးယဉ်ဖန်တီးနိုင်စွမ်းစတဲ့ တန်ဖိုးတွေနဲ့ ရပ်တည်ရှင်သန်နေတာပါ။

ဆိုင်းဝိုင်းရဲ့ တေးဂီတ၊ ဇာတ်ပွဲတခုရဲ့ ဟာသပြက်လုံးတွေကြားမှာ နာရီအနည်းငယ်ကြာမျှ ကျေနပ်နှစ်သိမ့်မှုကို ရှာဖွေခြင်းက ဒီဖန်တီးနိုင်စွမ်း၊ ရှင်သန်ရပ်တည်နိုင်စွမ်းရဲ့ ပြယုဂ်တစ်ခုပါ။ ဒီပြယုဂ်က မတရားမှုတွေကို လက်မြှောက်အရှုံးပေးလိုက်တာ၊ ပိုကောင်းတဲ့ အနာဂတ်အတွက် ကြိုးစားရုန်းကန်လိုစိတ် မရှိတော့တာ မဟုတ်ပါဘူး။

ဒါကြောင့် လူ့အဖွဲ့အစည်းက သူ့ယဉ်ကျေးမှု အနှစ်သာရအတိုင်း လည်ပတ်နေတာကို လိုက်ပြီး ထိန်းချုပ်နေမယ့်အစား ရိုးရာအနုပညာရဲ့ အနှစ်သာရကို ထိန်းသိမ်းခြင်းက နိုင်ငံတခုရဲ့ ဇိဝိတိန္ဒြေကို ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ပြောင်းလဲမြင်သင့်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း တော်လှန်ရေးနှင့် နေ့စဉ် ယဉ်ကျေးမှုကြား ပျော်ရွှင်ရေး နှစ်ခုစလုံးကို သူတို့ရဲ့ သီးခြားစီဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဖြစ်တည်မှုကို တည်ရှိခွင့်ပေးခြင်းကနေ ဘယ်လိုမှ ချိုးဖျက်လို့မရနိုင်တဲ့ ဇိဝိတိန္ဒြေရဲ့ နက်ရှိုင်းရှုပ်ထွေးမှုထိ လေးစားဂုဏ်ပြုသင့်ပါတယ်။

(Naing’s Opinions တွင် ဖော်ပြထားသော Dancing in the Dark: Why Myanmar’s Zat Pwe Revival is a Lifeline, Not a Betrayal စာရေးသူကိုယ်တိုင် သင့်လျော်အောင် ဘာသာပြန်ဆိုထားပါသည်)

]]>