ရနောင်မင်းသား Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ရနောင်မင်းသား Covering Burma and Southeast Asia Sat, 24 Oct 2026 16:09:17 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ရနောင်မင်းသား Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ရနောင်မင်းသား 32 32 ဒေါ်မမ (ရန်ကုန် ရုပ်ရှင်) https://burma.irrawaddy.com/article/2026/10/25/417230.html Sun, 25 Oct 2026 01:00:49 +0000 https://burma.irrawaddy.com/?p=417230 မြန်မာပြည်တွင် ပထမဆုံး အမျိုးသမီး ကင်မရာမင်း ဖြစ်သော မြန်မာအဆွေ ကုမ္ပဏီပိုင်ရှင် ဦးဘညွန့်၏သမီး ဒေါ်ခင်ခင်နှင့် အကြောင်းပြုပြီး ရန်ကုန်ရုပ်ရှင် ကုမ္ပဏီ ထောင်ဖြစ်ခဲ့…]]>

မြန်မာနိုင်ငံ စီးပွားရေးလောက၌ အမျိုးသားများနည်းတူ အမျိုးသမီးတယောက် အနေဖြင့် နိုင်နိုင်နင်းနင်း ဆောင်ရွက် သွားနိုင်သူတို့ အနက် ရန်ကုန်ရုပ်ရှင် ဒေါ်မမ ခေါ် (မစ္စကုမ်း) ကား ထင်ရှားခဲ့သည်။

ဒေါ်မမ၏ မျိုးရိုးမှာ အတော်စိတ်ဝင်စားဖွယ်ကောင်းသော ရနောင်မင်းသား အမျိုးအနွယ် ဖြစ်သည်ဟု သိရသည်။

ရနောင်မင်းသား မြိတ်မြို့သို့ စုန်ဆင်းကြလာစဉ်က မြိတ်သူနှင့် အကြောင်းဆက်၍ ပေါင်းဖက်ရာမှ ဒေါ်မမ၏ အဘွား ပေါက်ဖွားခဲ့သည်။

ရနောင်မင်းသား၏ သားမှာ ဦးဖိုးသိုင်း ဖြစ်၍ သမီးကား ဒေါ်မမ၏ မိခင် ဒေါ်ငြိမ်းရင် ဖြစ်သည်။ ဒေါ်ငြိမ်းရင်သည် ခရစ်ယာန် ဘာသာဝင် ဦးဘိုးသစ်နှင့် လက်ထပ်သဖြင့် သားသမီး ရှစ်ဦး ထွန်းကားခဲ့သည်။

ကိုမောင်ကြီး၊ ဒေါ်မမကြီး၊ ဒေါ်မမလေး၊ ဒေါ်ဖိဖိလေး၊ ဒေါ်မမ၊ ဒေါ်ခင်မေ၊ ကိုလှ၊ ကိုမြတို့ ဖြစ်ရာ ဒေါ်မမသည် ပဉ္စမ ဖြစ်ပါသည်။

ဒေါ်မမ၏ ဦးကြီးကို ဦးဖိုးသိုင်းတို့၏ အဆက်အနွယ်တို့ကား ဦးဖိုးရင်၊ ဦးအုန်းဖေ၊ ဒေါ်ချစ်၊ ဒေါ်သစ်တို့ ဖြစ်၍ မော်လမြိုင်ဖက်တန်းတွင် ဒေါ်သစ် ယခုတိုင် နေထိုင်လျက်ရှိသည်။

ဒေါ်မမ၏ ခင်ပွန်း မစ္စတာ ကုမ်း(ဘိစ်) ၏ မျိုးရိုးသည်လည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။

မွန်ယဉ်ကျေးမှုဌာန အရာရှိ ဦးနိုင်ပန်းလှက မွန်သမိုင်းစာပေ အဆူဆူတွင် မတွေ့ရသော်လည်း မွန်မင်းသမီး မမင်းသူဟု အမည်တွင်သော အမျိုးသမီး ရှိခဲ့သည်ကို သားစဉ်မြေးဆက် ကြားဖူးကြောင်း၊ ဒေါ်မမ၏ သားသမီးများအား စောက်သည် ချဖူးသည်။

ထိုမွန်မင်းသမီးနှင့် ပြင်သစ် စစ်ဗိုလ်ချုပ်ကြီး (ဂျင်နရယ်လ် စလေတား ဒီလာကုမ်း (ဘိစ်) တို့မှ မွေးဖွား သော ဒေါ်မမ၏ ခင်ပွန်း မစ္စတာကုမ်း (ဘိစ်) ပင် ဖြစ်သည်။ မော်လမြိုင်မြို့၊ သာယာကုန်းရပ်တွင် မစ္စတာ ကုမ်း (ဘိစ်) ကို မွေးဖွားခဲ့သည်။

မစ္စကုမ်း သည် မြူနီစီပယ် စာရင်းကိုင်လူကြီး ဖြစ်၏။

မစ္စတာ ကုမ်း (ဘိစ်) အနိစ္စ မရောက်မီ တနှစ်က ၁၉၃၂ ရန်ကုန်ရုပ်ရှင် အမည်ဖြင့် လုပ်ငန်းကို စတင်ခဲ့သည်။

ဒေါ်မမကား ခင်ပွန်းသည် မရှိတော့သော်လည်း မုဆိုးမ အဖြစ်ဖြင့် ၃၈ နှစ်ပတ်လုံး ရန်ကုန်ရုပ်ရှင် ကုမ္ပဏီကို ပြုစုပျိုးထောင် လာခဲ့သည်။

သားသမီး ၉ ဦး ထွန်းကားရာ အားလုံး ခေတ်ပညာတတ်များ ဖြစ်ကြသည်။

ဒေါ်မမသည် ရန်ကုန်ရုပ်ရှင်ကို ကိုယ်ဖိရင်ဖိ ပြုစုရာ၌ စံနမူနာ ယူနိုင်လောက်အောင် စွန့်စားခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရစ်ယာန် ဘာသာဝင်တို့သည် အေးအေးလူလူ လခစားဘဝဖြင့် နေထိုင်တတ်သည်ဟု ယေဘုယျ ပြောတတ်ကြသည်ကို ဒေါ်မမက စီးပွားရေးဘက် အခြေချပြီး လက်တွေ့ဖြင့် မမှန်ကြောင်း ပြသလိုက်သည်။

ဤကဲ့သို့ စွန့်စားနိုင်ခြင်းမှာလည်း ဒေါ်မမ၌ ရေသာခိုစိတ် လုံးဝမရှိ ဒီရေနှင့် မျောလိုက်တတ်သော စိတ်ကိုလည်းမမွေး၊ အများနည်းတူ ယောင်ပေါင်ပြီး ကုမ္ပဏီဖွင့်ခြင်း မဟုတ်၊ ကိုယ့်အားကိုယ်ကိုးပြီး စွန့်စားခဲ့ခြင်းသာ ဖြစ်သည်။

မြန်မာပြည်တွင် ပထမဆုံး အမျိုးသမီး ကင်မရာမင်း ဖြစ်သော မြန်မာအဆွေ ကုမ္ပဏီပိုင်ရှင် ဦးဘညွန့်၏သမီး ဒေါ်ခင်ခင်နှင့် အကြောင်းပြုပြီး ရန်ကုန်ရုပ်ရှင် ကုမ္ပဏီ ထောင်ဖြစ်ခဲ့သည်ဟု ပြောကြသည်။

မြန်မာရုပ်ရှင်ကျမ်း၊ အတွဲ (၁၀)၊ စာမျက်နှာ ၃၃၆၊ ၃၃၇ ပါအရ မြန်မာနိုင်ငံ၌ (၁၆) မီလီမီတာ ဆေးရောင်စုံ ဇာတ်ကား “ချစ်သွေးညီ” ၁၉၄၈ ခုနှစ်ကို ရန်ကုန်ရုပ်ရှင် ဦးရွှေဘော် က ပထမဆုံး ရိုက်ကူးပြသခဲ့သည်ဟု သိရသည်။

ထို့ပြင် ၁၉၅၈ ခုနှစ်တွင် “ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ရန်ကုန်ရုပ်ရှင်၏ (၂၅) နှစ်မြောက် ငွေရတုသဘင်” အဖြစ် “ချစ်ခဲ့တာအမှန်ပါပဲ” ဆေးရောင်စုံ အသံထွက်ကို ပြသခဲ့သည်ဟုလည်း ထပ်မံ ချီးကျူး ရေးသားထားခဲ့သည်။

ဒေါ်မမမှာမူ သူများ မပြုဘူးသေးသည်ကို တီထွင်ကြံဆနိုင်သောသူ ဖြစ်သည်။

ရန်ကုန်ရုပ်ရှင် ကုမ္ပဏီက ထုတ်လုပ်ခဲ့သော ဇာတ်ကား ၁၆ ခု အနက် “ချစ်ခဲ့တာအမှန်ပါပဲ” ကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံ မြန်မာရုပ်ရှင် ကုမ္ပဏီတခုက ဆေးရောင်စုံဖြင့် ရိုက်ကူးခဲ့သည်ကို သမိုင်းမှတ်တမ်း တင်ရပေလိမ့်မည်။

ဒေါ်မမ၏ သားများ ဖြစ်ကြသော ရုပ်ရှင်ဒါရိုက်တာ ဦးရွှေဘော်၊ ကင်မရာ နှင့် အသံသွင်းဘက်ဆိုင်ရာ ဦးစံလွင်တို့သည် ထုတ်လုပ်ခြင်း တာဝန်ခံ ဦးမြဟန်နှင့်အတူ အိန္ဒိယနိုင်ငံ ဘုံဘိုင်မြို့သို့ သုံးလမျှ သွားရောက်ကာ “မရိုဆက်စ်” ဆေးရောင်စုံ ဖလင်ကို “ကူး” ခဲ့ကြသည်။

ဦးမြဟန်က ဘုံဘိုင်မြို့ထုတ် “စကရင်း” (Screen) ခေါ် ရုပ်ရှင် သတင်းစာ၌ မိမိတို့လုပ်ငန်း အောင်မြင်ကြောင်းကို ၁၉၅၈၊ မေလ ၂၃ ရက်နေ့ထုတ်တွင် ဖော်ပြခဲ့ဖူးသည်။

ဒေါ်မမသည် ငွေပင်ငွေရင်းများကို စိုက်ထုတ်ကာ သားများကို ရုပ်ရှင်လုပ်ငန်းသို့ ထည့်သွင်းပြီး စွန့်စား လုပ်ကိုင်လာခဲ့၍ ၎င်းနှစ် ဇွန်လ ၄ ရက်နေ့၌ ပလေဒီယံ (ပပဝင်း) ရုံသစ်ကြီးတွင် ချစ်ခဲ့တာအမှန်ပါပဲ ကို အောင်မြင်စွာ ပြသနိုင်ခဲ့သည်။

အလုပ်သမားများကလည်း သူတို့ကို မိခင်ရင်းသဖွယ် မာမာဟု ခေါ်ခဲ့ကြသည်။

ဖိုးပါကြီး၊ မေချစ်နှင့် ရွှေနှင်းဆီ ခင်ခင်မြင့် တို့ကို နာမည် ကျော်ကြားလာစေရန် မြေတောင်မြှောက်ပြီး သားသမီးရင်းတမျှ ကြည့်ရှု သွန်သင်လာခဲ့သည်ကို သိရသည်။

မောင်ရည်အောင်၏ “ကြယ်များရံသော အနုပညာသည်” စာအုပ်၌ စာရေးဆရာ၊ ဇာတ်ညွှန်းနှင့် တေးရေးဆရာကြီး ဆရာဟန်အား ဒေါ်မမသည် ကျွေးမိခင် တယောက်နှင့်မခြား စားဝတ်နေရေး၊ ကျန်းမာရေးက အစ မပူပင်ရအောင် ကောင်းစွာပြုစုထားခဲ့ကြောင်း၊ အကြိမ်ကြိမ် ထွက်သွားသည်ကို အဖန်ဖန် လိုက်ခေါ်ပြီး အလုပ်မရှိစေကာမူ လခ ပေးထားကြောင်း၊ ဆရာဟန်အတွက် ကြော်ငြာရိုက်သော ပုံနှိပ်စက် ကလေးတခု ဝယ်ထားပြီး သူငြိမ်အောင် ကြံဖန် လုပ်ပေးထားကြောင်း၊ ဒေါ်မမသည် စီးပွားရေး အမြင်ကျယ်သူ ပီပီ တကယ်တော်သော ဆရာဟန်ကို လက်မလွတ်အောင် ပြုစုထားခဲ့ကြောင်း ၎င်းစာအုပ်၌ စိတ်ဝင်စားဖွယ် ဖတ်ရသည်။

၁၉၆၀ ပြည့်နှစ်တွင် ဒေါ်မမ ကွယ်လွန်သွားခြင်းမှာ သားသမီးများ အဖို့သာမက ဆရာဟန်တို့ အဖို့လည်း နေမင်းကြီး ကွယ်သွားခြင်း ဖြစ်သည်ဟု မောင်ရည်အောင်က တင်စားထားလေသည်။

နိုင်ငံခြားသားများ ကြီးစိုးပြီး ရုပ်ရှင်ကားများပြသရန် ရုံအခက်အခဲ ပြဿနာကြောင့် မြန်မာရုံ၊ စကားရုံ စသည်တို့မှာ မျက်နှာ ငယ်နေကြစဉ် ဒေါ်မမသည် ထိုပြဿနာကို ဖြေရှင်းရန် ၁၉၄၆ ခုနှစ်တွင် ပလေဒီယံ (ပပဝင်း) ရုံကို ဝယ်ယူ ပြုပြင် ဖွင့်လှစ်ခဲ့သည်။

ပလောဒီယံ (ပပဝင်း) ၏ ထူးခြားချက် တရပ်မှာ မြန်မာနိုင်ငံတွင် ပထမကနဦး ၁၉၆၂ ခုနှစ်၌ မြင်ကွင်းကျယ် “သစ္စာလွင်ပြင်” ရုပ်ရှင်ကားကို နမူနာအဖြစ် ပြသနိုင်အောင် ခေတ်မီ ကိရိယာ တန်ဆာများဖြင့် စီမံထားရှိခဲ့သည်။

ကမာရွတ်မှ မြနန်းင်္သိဂီ ရုံသည်လည်း ဒေါ်မမ၏ လက်ရာပင်ဖြစ်၍ ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံများမှာ အဝေးက ရုပ်ရှင် တောင့်တနေသည့် ပရိသတ်အတွက် သက်သက်စီမံကာ ဖွင့်လှစ်ထားခြင်းပင် ဖြစ်သည်။

စစ်အတွင်းကလည်း ကန်ထရိုက်ယူ၍ မြန်မာကားများ ပြခဲ့သည်။ အလုပ်သမားအပေါ်လည်း ငဲ့ညှာခဲ့သည်။

ပိုက်ဆံ ဟူသည် လူကဖြစ်နိုင်၏။ သို့သော် နာမည်တလုံးက အရေးကြီးသည်ဟု ဆိုလေ့ရှိသည်။ ဘုရားဖက်၍ မှန်ရာ လုပ်လေ့ ရှိသည်ဟု ပြောကြသည်။

၁၉၆ဝ ပြည့်နှစ် ရုပ်ရှင်ပြဇာတ် အစည်းအဝေးကို အီတလီနိုင်ငံ အစိုးရက မီလာနိုင် ဖက်စတီဘဲလ် ခေါ် ပြပွဲသို့ လာရောက် ပါဝင်ပါရန် ဖိတ်ခေါ်ခဲ့သည်။

ထိုအခါ ရန်ကုန်ရုပ်ရှင်မှ ဦးရွှေဘော်နှင့် ဦးမြဟန်တို့သည် ရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးမှ ကိုယ်စားလှယ် အဖြစ်ဖြင့် သွားရောက်ခဲ့ကြသည်။

တဦးလျှင် ခရီးစရိတ် ကျပ်ငွေပေါင်း ၅၀၀၀ (ငါးထောင်) မျှကို အသုံးပြုလျက် မိမိတို့နိုင်ငံ မိမိတို့လူမျိုး၏ ဂုဏ်ကျက်သရေ အတွက် သွားရောက်ခဲ့ကြသည်။

အီတလီနိုင်ငံတွင် နေထိုင်လည်ပတ်လျက် ပြပွဲအစီအစဉ်များတွင် ပါဝင် ဆင်နွှဲခဲ့ကြသည်။ နေ့စဉ် ကုန်ကျငွေ ပေါင်စတာလင်မှာ တဦးစီအတွက် ၂၉ ပေါင်ဖြစ်၍ အီတလီ အစိုးရက မြန်မာ ကိုယ်စားလှယ်များ အတွက် ပေါင်ပေါင်း (၂၁၀၀၀) ကို အသုံးပြုခဲ့သည်။

ဦးရွှေဘော်၊ ဦးမြဟန်တို့နှင့်အတူ ဦးလှအောင် (အစ်မကြီး ဒေါ်နီယိုမီ ခေါ် ဒေါ်မမကြီး၏ခင်ပွန်း) လည်း လိုက်ပါသွားခဲ့သည်။

ဒေါ်မမသည် တိုင်းချစ် ပြည်ချစ်စိတ် ရင့်သန်သူဖြစ်ရကား ဤသို့ နိုင်ငံတကာအလယ်၌ မိမိနိုင်ငံကို အမွှန်းတင်ရမည် ဆိုလျှင် စရိတ်စက အကုန်ခံရန် ဝန်မလေးခဲ့ပေ။

ဒေါ်မမ၏ စိတ်ကူးယဉ် အိမ်မက်တည်းဟူသော ရုပ်ရှင်လုပ်ငန်းကို တကယ့် အကောင်အထည် ဖော်ရာ၌ကား လွယ်ကူလှသည် မဟုတ်ပါ။

၁၉၃၃ ခုနှစ် ခင်ပွန်း ကွယ်လွန် အနိစ္စ ရောက်ချိန်မှစ၍ သားသမီး ၉ ယောက်ကို ပညာသင်ပေးရသော တာဝန်ကြီးအပြင် မိမိ စိတ်ကူးယဉ်အိမ်မက်ဖြစ်သော ရုပ်ရှင်လုပ်ငန်းကို ဇောက်ချလုပ်ကိုင်သည့် အလုပ်မှာ သာမည အမျိုးသမီးများအတွက် မစဉ်းစားဝံ့သော ကိစ္စပင် ဖြစ်သည်။

သို့သော် ဒေါ်မမသည် ဘုရားကိုသာ တိုင်တည်ပြီး မိမိကြိုးစားမှုနှင့် အကောင်အထည် ဖော်လာခဲ့သည်။

ရန်ကုန်ရုပ်ရှင် မိသားစုများမှာ ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်မှုရှိပြီး တဦးသြဇာကို တဦးလိုက်နာကာ တစိတ် တသဘောတည်း ဆောင်ရွက်ကြ၍ ဖွံ့ဖြိုးတိုးတက် အောင်မြင်လာခဲ့သည်ကို တွေ့ရသည်။

ချီးကျူးဖွယ် တခုမှာ ဒေါ်မမသည် မိမိ မကျွမ်းကျင်သည်ကို တပည့်ခံပြီး အကြံဉာဏ်ကောင်း ရယူရန် အသင့် ရှိခဲ့သည်။

အစပထမ ရုပ်ရှင်လုပ်ငန်းတွင် မြန်မာအဆွေ ဦးဘညွန့်၏သမီး ဒေါ်ခင်ခင်နှင့် ခင်ပွန်း ဦးမြတ်ကျော်တို့က သင်ပြညွှန်ကြား ပေးခဲ့သည်ကို လိုလိုချင်ချင် ခံယူခဲ့သည်။

ရုပ်ရှင်လုပ်ငန်း တွင်ကျယ်လာသော အခါ တပည့်တပန်း လုပ်ဖော်ကိုင်ဖက်တို့အား သွေးခွဲခြင်း စနစ်မထား၊ မိသားစု စိတ်ဓာတ် အပြည့်အဝဖြင့် ပြုစုသည်။ ရိုင်းပင်းသည်။

ထို့ကြောင့်လည်း အခြားအခြား ရုပ်ရှင်ကုမ္ပဏီတို့၌ မပျော်ပိုက်သူများမှာ ရန်ကုန်ရုပ်ရှင်သို့ ရောက်လာလျှင် အမည် မဖော်နိုင်သော ခံစားမှုမျိုးနှင့် တွေ့ရကြောင်း ပြောလေ့ ရှိကြသည်။

ဒေါ်မမသည် စီးပွားရေး အမြင်ကျယ်ပြီး မုဆိုးမ ဘဝမှာပင် ဇွဲလုံ့လ ခိုင်မာစွာနှင့် အလွန် ပြဿနာထူထပ်သည့် ရုပ်ရှင် လုပ်ငန်းကြီးကို ဇောက်ချ လုပ်ကိုင်လာနိုင်ခဲ့သည်။

သူ စိတ်ကူးယဉ်ခဲ့သော အလုပ်ကြီးတခုမှာ အအုပ်အချုပ် ကောင်းပြီး လူတော်တွေကို တွေ့ရသည့်အတွက် အောင်မြင်ခဲ့သည်။

မြန်မာ အမျိုးသမီးများထဲမှ ပထမဆုံး ရုပ်ရှင်ကုမ္ပဏီ ထောင်ခဲ့သော ဒေါ်မမ (ရန်ကုန်ရုပ်ရှင်) အား ဤစာစောင်တွင် ချန်လှပ်ထား၍ မရနိုင်ပါ။

ဒေါ်မမသည် ၁၉၆၃ ခု၊ ဇူလိုင်လ၊ အသက် ၇၀ အရွယ်၌ ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။ ။

(စာရေး ဆရာမကြီး စောမုံညင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေတိုက်က ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မြန်မာအမျိုးသမီး” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၁၁ နှစ် ဒီဇင်ဘာလ ၁၁ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>