သစ်လင်းအုန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သစ်လင်းအုန်း Covering Burma and Southeast Asia Sat, 24 Oct 2026 08:49:35 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သစ်လင်းအုန်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သစ်လင်းအုန်း 32 32 လူ့အခွင့်ရေးကော်မရှင်ဆိုတာ အာဏာရှိသူတွေကို ကာကွယ်ဖို့ ဖွဲ့ထားတာမဟုတ်ဘူး https://burma.irrawaddy.com/opinion/interview/2026/10/24/417220.html Sat, 24 Oct 2026 08:49:35 +0000 https://burma.irrawaddy.com/?p=417220 MNHRC ဆိုတာ လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း သစ်လင်းအုန်း ဦးဆောင်နေပြီး စစ်တပ်က အရပ်သားတွေကို အဓမ္မ ဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်၊ မီးရှို့ဖျက်ဆီး၊ ဗုံးကြဲတာတွေကို အမြဲနှုတ်ပိတ်နေလေ့ရှိတဲ့အဖွဲ့ဖြစ်တယ်။အခုလို အထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူ့အခွင့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကြိုဆိုထောက်ခံကြတယ်။]]>

အာဏာသိမ်းအစိုးရက အာဆီယံမှာ ပြန်ဝင်ဆန့်ဖို့ ကြိုးစားနေချိန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကတော့ အရည်အချင်းမပြည့်တဲ့အတွက် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် (SEANF)ကနေ အောက်တိုဘာ ၁၉ရက်က ထုတ်ပယ်ခံလိုက်ရပါတယ်။

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ တီမောတို့ ဦးဆောင်တဲ့ ဖိုရမ်အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လကစလို့ MNHRC ရဲ့ အရည်အချင်းကို စစ်ဆေးသုံးသပ်ပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ဒီအတွက် ၃ ကြိမ်မြောက် SEANF နှစ်ပတ် လည် ညီလာခံတက်ခွင့်နဲ့ ၂၀၂၇ ခုနှစ် ဖိုရမ်အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခွင့်တို့ကိုလည်း ဆုံးရှုံးခဲ့ရပါပြီ။

MNHRC ဆိုတာ လက်ရှိ ဗိုလ်မှူးချုပ်ဟောင်း သစ်လင်းအုန်း ဦးဆောင်နေပြီး စစ်တပ်က အရပ်သားတွေကို အဓမ္မဖမ်းဆီး ညှဉ်းပန်းသတ်ဖြတ်၊ မီးရှို့ဖျက်ဆီး၊ ဗုံးကြဲတာတွေကို အမြဲနှုတ်ပိတ်နေလေ့ရှိတဲ့အဖွဲ့ ဖြစ်တယ်။အခုလို အထုတ်ခံရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူ့အခွင့်ရေး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကြိုဆိုထောက်ခံကြတယ်။

ဒါကြောင့် စစ်အုပ်စုအပေါ်သက်ရောက်နိုင်တဲ့အခြေအနေ၊ လက်ရှိ မြန်မာမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးအခြေအနေ တွေအပေါ် အမြင်သဘောထားတွေကို အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်ရုံး( International Commission of Jurists) ဥပဒေအကြံပေး ဒေါ်ဇာလီအေးနဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို SEANF ကနေ ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လို ထင်မြင်ပါသလဲ။

ဖြေ ။ ။ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတခုမှာရှိရမယ့် လွတ်လပ်မှု၊ ဘက်မလိုက်မှုနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အခြေခံစံနှုန်းတွေအပေါ်မှာ အကဲဖြတ်သုံးသပ်ပြီး ချမှတ်ခဲ့တဲ့ အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်တခုဖြစ်တယ်လို့ ကျမမြင်တယ်။

လူ့အခွင့်အရေးကော်မရှင်ဆိုတာ အစိုးရတရပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကာကွယ်ပြောဆိုပေးဖို့ ဖွဲ့ထားတဲ့အဖွဲ့ မဟုတ်ဘူး၊ အစိုးရအပါအဝင် နိုင်ငံတော်ရဲ့ အာဏာကို သုံးနေသူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်စွာ စောင့်ကြည့် စုံစမ်းစစ်ဆေးပြီးတော့မှ ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်း ဖြစ်တယ်။

နိုင်ငံတကာမှာ အမျိုးသားလူ့အခွင့်ရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အကဲဖြတ်ရာမှာ ပါရီအခြေခံမူ (Pairs Principles) လို့ခေါ်တဲ့ စံနှုန်းတွေကို အခြေခံပြီး ဖွဲ့စည်းပုံတွေ၊ အဖွဲ့ဝင်ခန့်အပ်မှုတွေ၊ လုပ်ငန်းဆောင်ရွက်မှုနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ လုံလောက်တဲ့ လွတ်လပ်မှုတွေ ရှိရမှာ ဖြစ်တယ်။

၂၀၂၁ နောက်ပိုင်း ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် လုံလောက်တဲ့ တုံ့ပြန်နိုင်စွမ်းမရှိတာ၊ အထူးသဖြင့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကာကွယ်ပြောဆိုတာ၊ ကော်မရှင်အဖွဲ့ဝင်ခန့်အပ်ရာမှာ လွတ်လပ်မှု မရှိတာတွေကို တောက်လျှောက်ထောက်ပြခဲ့တာ တွေ့ရတယ်။ လူ့အခွင့်အရေးကော်မရှင်တခုရဲ့ တရားဝင်မှုနဲ့ ယုံကြည်စိတ်ချရမှုက အမည်နာမမှာ မရှိပါဘူး။ ဥပဒေအရ ဖွဲ့ထားခြင်းတခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ အလေးအနက်ပြောချင်တယ်၊

အထူးသဖြင့် MNHRC ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေကို ဘယ်လောက် ကာကွယ်ပေးနိုင်သလဲ၊ ချိုးဖောက်သူ တွေကို ဘယ်လောက်လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးနိုင်သလဲဆိုတာတွေနဲ့ အဓိက တိုင်းတာရမှာ ဖြစ်တယ် MNHRC မှာ လုပ်ဆောင်နိုင်တာလည်း မရှိသလို လုပ်ဆောင်နေတဲ့အရာလည်း မတွေ့ရပါဘူး။

မေး ။ ။ ဒီလိုထုတ်ပယ်ခံရတဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ဖြေ ။ ။ နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းဆိုင်ရာ အသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုကို ပိုပြီးသက်ရောက်နိုင်တယ်လို့ မြင်တယ်၊ အထူးသဖြင့် စစ်တပ်က ဖွဲ့စည်းခန့်အပ်တဲ့ လူ့အခွင့်အရေးကော်မရှင်ကို ဒေသတွင်း အမျိုးသားလူ့အခွင့်ရေး အဖွဲ့အစည်းတွေက လွတ်လပ်တဲ့ လူ့အခွင့်ရေးအဖွဲ့အနေနဲ့ဆက် အသိအမှတ် မပြုနိုင်တော့ဘူးဆိုတဲ့ သဘောထားကို ပြသလိုက်တာက အရေးကြီးတဲ့အချက်ပဲ။

ဘာကြောင့်လဲဆိုတော့ အာဏာပိုင်အဖွဲ့အစည်းတရပ်ကနေ ကိုယ့်မှာ လူ့အခွင့်အရေးကာကွယ်ရေးယန္တရားရှိတယ်ဆိုပြီး နိုင်ငံတကာကို တင်ပြနိုင်ပေမယ့် ဒီယန္တရားရဲ့ လွတ်လပ်မှုနဲ့ လုပ်နိုင်စွမ်းကို နိုင်ငံတကာစံနှုန်းတွေအရ သီးခြားအကဲဖြတ် နိုင်ခြင်း ရှိမရှိဆိုတာ ဒီဆုံးဖြတ်ချက်ကနေ ဖော်ပြနေတာဖြစ်တယ်။

အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်ရုံး( International Commission of Jurists) ဥပဒေအကြံပေး ဒေါ်ဇာလီအေး

MNHRC ဟာ ၂၀၂၅ မတ်နဲ့ မေမှာလည်း ကမ္ဘာ့အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ မဟာမိတ်အဖွဲ့ (GANHRI) နဲ့ အာရှ- ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (APF) တို့မှာလည်း ပါဝင်ခွင့် ဆုံးရှုံးထားတယ်၊ ဒါကြောင့် အခု SEANF ရဲ့ဆုံးဖြတ်ချက်ဟာ သီးခြားဖြစ်ရပ်ထက် ပိုတယ်ဆိုရမှာပေါ့၊ ကော်မရှင်ရဲ့ အဖွဲ့အစည်းဆိုင်ရာ လွတ်လပ်မှုနဲ့ နိုင်ငံတကာစံနှုန်းကို လိုက်နာမှုအပေါ်မှာ ဆက်တိုက်ပေါ်ပေါက်နေတဲ့ စိုးရိမ်ချက်တွေကို ပို ပိုပြီးတော့မှ ထင်ဟပ်စေပါတယ်၊

ဒီနေရာမှာ ဥပဒေအရ ခွဲခြားပြောဖို့ လိုတယ်။ SEANF က နေမှ ထုတ်ပယ်ခြင်းဟာ လူ့အခွင့်အရေးကော်မရှင်တခုရဲ့ အရည် အချင်းပြည့်မီမှုနဲ့ တရားဝင်မှုကို ဆုံးဖြတ်တာဖြစ်ပြီး စစ်တပ်အုပ်ချုပ်ရေးရဲ့ နိုင်ငံတကာဥပဒေအရ တရားဝင်မှုကို တိုက်ရိုက် ဆုံးဖြတ်ပေးတဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး ဆိုတာပါ။ ဒါပေမယ့် ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုယ်စားပြုမှုတွေ အဖွဲ့အစည်းဆိုင်ရာယုံကြည်မှု၊ စိတ်ချရမှုအပေါ်မှာတော့ ပိုပြီး သက်ရောက်ပါတယ်။

မေး ။ ။ စစ်တပ်ကအာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် ဗုံးကြဲသတ်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာ တွေနဲ့ ပတ်သက်လို့ MNHRC အနေနဲ့ စောင့်ကြည့်စစ်ဆေးတာ၊ အကာကွယ်ပေးတာမျိုးတွေ တွေ့ရသလား။

ဖြေ ။ ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ လက်ရှိလုပ်ဆောင်မှုတွေကို ကြည့်ရင် လူ့အခွင့်အရေး အသိပညာပေးလုပ်ငန်း၊ အကျဉ်းထောင်တွေ သွားကြည့်တာ၊ အခြားဆောင်ရွက်ချက်တွေကိုပဲ ဖော်ပြထားတာ ရှိတယ်။ အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လောက်အထိ လွတ်လပ်စွာ စုံစမ်းခဲ့သလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေကို အကြံပြုခဲ့သလဲ၊ ချိုးဖောက်ခံရသူတွေအတွက် ဘယ်လို ကာကွယ်မှုနဲ့ ကုစားမှုတွေရရှိစေခဲ့သလဲဆိုတာတွေကတော့ ကျမတို့ မမြင်ရဘူး။

အာဏာသိမ်းပြီးနောက် အရပ်သားတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ဥပဒေနဲ့မညီဘဲ ဖမ်းဆီးချုပ်နှောင်တာ၊ တရားရုံး ရှေ့မှာ အစစ်ခံရပြီးတော့မှ ရှေ့နေနဲ့ လက်လှမ်းမီပေမယ့် အမှုတွဲပေါ်ပေါက်ချက်အရ မစစ်ဆေးတာ၊ တရားစီရင်ရေး ဆိုင်ရာ လွတ်လပ်မှု မရှိတာ၊ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အခြားပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် အကျဉ်းထောင်ထဲမှာ သန့်ရှင်းတဲ့သောက်သုံးရေ မရတာ၊ လုံလောက်တဲ့ဆေးဝါးကုသမှု မရတာတွေနဲ့ ပတ်သက်တဲ့ဟာတွေက ဆက်တိုက်ဖြစ်နေတာကို ကျမတို့ တွေ့ရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ အဓိကတာဝန်က ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်စွာ စောင့်ကြည့်စုံစမ်းဖို့နဲ့ ချိုးဖောက်ခံရသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို တာဝန်ခံ စေဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အကြံပြုတိုက်တွန်းရမှာ ဖြစ်တယ်။

အထူးသဖြင့် အာဏာပိုင်တွေရဲ့လုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးရမယ့် ကော်မရှင်အဖွဲ့ဝင်တွေကို အဲဒီအာဏာပိုင် တွေကပဲ ရွေးချယ်ခန့်အပ်တဲ့ အခြေအနေမှာ ဒီအဖွဲ့အစည်းရဲ့ လွတ်လပ်မှုနဲ့ ဘက်မလိုက်မှုအပေါ် ကျမတို့သံသယတွေရှိ နေတာဖြစ်တယ်။ ဒီနေရာမှာ အလေးအနက်ထား ပြောချင်တာက လူ့အခွင့်အရေးကော်မရှင်တခုမှာ ဥပဒေအရ လုပ်ပိုင်ခွင့် ရှိတယ်ဆိုတာနဲ့ ဒီလုပ်ပိုင်ခွင့်ကို လက်တွေ့ ဘယ်လောက်လွတ်လပ်စွာ အသုံးချနိုင်သလဲဆိုတာ မတူဘူး။

ဥပဒေမှာတော့ လုပ်ပိုင်ခွင့်ရှိပေမယ့် တကယ်ရော အသုံးချသလား၊ နောက် လူ့အခွင့်အရေးကော်မရှင်တခုရဲ့ လွတ်လပ်မှုကို အကဲဖြတ်တဲ့အခါ အဖွဲ့ဝင်တွေကို ဘယ်သူက ခန့်သလဲ၊ အစိုးရနဲ့ အာဏာပိုင်တွေ၊ လုပ်ပိုင်ခွင့်ရှိသူတွေရဲ့ လွှမ်းမိုးမှုကနေ ကင်းလွတ်ပြီး ဆုံးဖြတ်ချက် ချနိုင်သလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်သလား၊ တွေ့ရှိချက်တွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်နိုင်သလားဆိုတဲ့အချက်တွေနဲ့ တိုင်းတာရမှာဖြစ်ပါတယ်။

မေး ။ ။ အာဏာသိမ်းပြီးပြီးချင်းမှာပဲ စစ်အုပ်စုဟာ ဥပဒေပါ အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ဆိုင်းငံ့တာတွေ လုပ်ခဲ့တယ်၊ ဒီလုပ်ရပ်က လက်ရှိမှာရော ဘယ်လိုသက်ရောက်မှုတွေ ရှိနေသေးလဲ။

ဖြေ ။ ။ အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ဥပဒေပြင်ဆင်ချက်၊ အမိန့်ညွှန်ကြားချက် တွေနဲ့ ဖမ်းဆီးအရေးယူတာတွေ၊ ကန့်သတ်တာတွေရှိတယ်၊ ဥပမာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံ မှုကို အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ(၅)၊ (၇)၊ (၈) တို့ကို ဆိုင်းငံ့ထားတာ တွေ့ရတယ်။

ဒီပြဋ္ဌာန်းချက်တွေဟာ အိမ်အတွင်း ဝင်ရောက်ရှာဖွေတာ၊ တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင် တာ၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ထိခိုက်စေတဲ့ စောင့်ကြည့်တာတွေကနေ အကာအကွယ်ပေးထားတဲ့ ပြဋ္ဌာန်းချက်တွေဖြစ် တယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေမှာဆိုရင် ဒီလိုအခွင့်အရေးတွေ အများကြီးပေးထားပေမယ့် အာဏာပိုင်တွေက ဂရုမစိုက် တာတွေရှိတယ်။ ဒါကြောင့် အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးမယ့် ဥပဒေပြဋ္ဌာန်းချက်တွေကို ကန့်သတ်ဆိုင်းငံ့ လျစ်လျူရှုတာဟာ ပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုကို တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေတာ ဖြစ်တယ်။

ဒီနေရာမှာ နိုင်ငံတကာလူ့အခွင့်ရေးဥပဒေရဲ့ အခြေခံမူတခုကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ ဒါက နိုင်ငံတော်အနေနဲ့ အရေးပေါ် အခြေအနေကို အကြောင်းပြ လူ့အခွင့်အရေးအားလုံးကို အကန့်အသတ်မရှိ ရုပ်သိမ်းနိုင်တယ်လို့ တချို့လူတွေ က ထင်နေကြတယ်၊ အမှန်တော့ မဟုတ်ပါဘူး။ အခွင့်ရေးကန့်သတ်မှုတွေက ဥပဒေနဲ့ညီရမယ်၊ အမှန်တကယ်လိုအပ်မှုရှိ ရမယ်၊အချိုးအစား မျှတရမယ်၊ ခွဲခြား ဆက်ဆံမှု မရှိရ။ ညှဉ်းပန်းနှိပ်စက်မှုကို တားမြစ်တဲ့ အခြေခံစံနှုန်းကိုလည်း ဘယ်လို အရေးပေါ်အခြေအနေမှာမဆို လိုက်နာဖို့ တာဝန်ဝတ္တရားတွေလည်းရှိတာ ဖြစ်ပါတယ်။

လက်ရှိအရေးကြီးတာက ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဥပဒေစာအုပ်ထဲမှာ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာ တခု တည်းမဟုတ်ဘဲ လက်တွေ့ကျင့်သုံးနိုင်သလား၊ ချိုးဖောက်ခံရတဲ့အခါ လွတ်လပ်တဲ့တရားရုံးတွေကနေတဆင့် ကုစားမှု ရနိုင်သလားဆိုတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့်လ စက်တင်ဘာ ၅ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) တည်ထောင်ခြင်း ၁၅ နှစ်ပြည့်အခမ်းအနား

မေး ။ ။ စစ်အုပ်စုခန့်ထားတဲ့ လူ့အခွင့်အရေးကော်မရှင်ဆိုတာ လူထုကိုအကျိုးပြုနေတယ်လို့ ထင်သလား။

ဖြေ ။ ။ စစ်တပ်က ဖွဲ့စည်းခန့်အပ်ထားတဲ့ လူ့အခွင့်ရေးကော်မရှင်ဟာ လူ့အခွင့်ရေးတွေကို ထိရောက်စွာကာကွယ် ပေးနေတယ်လို့ ကျမတို့က မမြင်နိုင်တော့ဘူး၊ ဘယ်နှစ်ကြိမ်အစည်းအဝေးလုပ်၊ ဘယ်နှစ်ကြိမ်သင်တန်းပေးခဲ့လဲဆိုတဲ့ လုပ်ငန်းအရေအတွက်ကို ဘယ်သူမှ စိတ်မဝင်စားဘူး။ လူ့အခွင့်ရေးချိုးဖောက်ခံရသူတွေကို ဘယ်လိုရလဒ်တွေရရှိစေခဲ့ သလဲဆိုတာက အဓိက ကြည့်ရမှာဖြစ်ပါတယ်။

ဥပမာ မတရားဖမ်းဆီးခံရသူတဦးအနေနဲ့ ကော်မရှင်ကို တိုင်တဲ့အခါ လွတ်လပ်တဲ့စုံစမ်းမှု ရရှိသလား၊ ညှဉ်းပန်းနှိပ်စက်ခံရ သူတဦးအတွက် ကာကွယ်ကုစားမှုရရှိနိုင်သလား၊ ဗုံးကြဲမှုတွေကြောင့် မိသားစုဝင်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက် တာဝန်ခံမှု ရရှိစေဖို့ ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ ဘယ်လိုတိုက်တွန်းနိုင်ခဲ့သလဲ ဆိုတာတွေ ဖြစ်တယ်။

ဒါ့အပြင် တိုင်ကြားသူတွေအနေနဲ့ နောက်ထပ် ခြိမ်းခြောက်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ လက်တုံ့ပြန်ခံရမှုတွေကနေ ဘယ် လောက်အထိအကာအကွယ်ရရှိသလဲဆိုတာကလည်း အင်မတန်မှ အရေးကြီးပြီး တိုင်းတာရမယ့် အရာတခုဖြစ်တယ်၊ ဒီလို အချက်တွေကို အခြေခံပြီးမှ ကော်မရှင်ရဲ့လုပ်ဆောင်မှုဟာ ပြည်သူတွေအတွက် အမှန်တကယ် ဘယ်လောက်အကျိုးဖြစ် ထွန်းစေသလဲဆိုတာ အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေအနေကို ဘယ်လိုသုံးသပ်ထားပါသလဲ။

ဖြေ ။ ။ ခြုံငုံသုံးသပ်ရင် လူ့အခွင့်ရေးချိုးဖောက်မှုသာမက တားဆီးကာကွယ်ပေးနိုင်မယ့် လွတ်လပ်စွာ စုံစမ်းစစ်ဆေး နိုင်မယ့် ကျူးလွန်သူတွေကို တာဝန်ခံစေနိုင်မယ့် တရားရေးနဲ့ လူ့အခွင့်ရေးကာကွယ်ရေးဆိုင်ရာ ယန္တရားတွေရဲ့ အခြေ အနေတွေပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်။

အထူးသဖြင့် တရားစီရင်ရေး လွတ်လပ်မှုနဲ့ တရားဥပဒေ စိုးမိုးမှုအားနည်းတဲ့အခြေအနေမှာ လူ့အခွင့်ရေး ချိုးဖောက်ခံရသူ တွေအတွက် တရားမျှတမှုရဖို့ အခက်အခဲတွေ ပိုမိုကြီးလာနိုင်တယ်၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ထိရောက်တဲ့ စုံစမ်း စစ်ဆေးခြင်းလည်း မရှိဘူး၊ တာဝန်ရှိသူတွေကိုလည်း အရေးမယူနိုင်ဘူးဆိုရင် နောက်ထပ်ချိုးဖောက်မှုတွေကို တားဆီးဖို့ ခက်မှာပဲ။

ဒါကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်ရေးကို ရေရှည်ခိုင်မာဖို့ဆိုရင် လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားစီရင်ရေးတွေ၊ ထိရောက်တဲ့ တာဝန်ခံမှုယန္တရားနဲ့ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းတွေ ရှိဖို့ လိုအပ်တယ်။

အလေးအနက်ပြောလိုတာက လူ့အခွင့်ရေးကာကွယ်စောင့်ရှောက်ဖို့ဆိုတာ အာဏာပိုင်တရပ်ရဲ့ စိတ်ဆန္ဒအပေါ်မှာ မူတည် ပြီး ဆောင်ရွက်ကူညီထောက်ပံ့ပေးရတဲ့လုပ်ငန်းစဉ်မဟုတ်ဘူး၊ နိုင်ငံတော်မှာ လိုက်နာရမယ့် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရား တွေရှိသလို ပြည်သူတဦးချင်းစီမှာလည်း မိမိရဲ့အခြေခံအခွင့်အရေးတွေကို တောင်းဆိုပိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးကော်မရှင်တခုရဲ့ အရေးပါမှုကို ဒီကော်မရှင်တည်ရှိနေမှုနဲ့ မတိုင်းတာဘဲ အာဏာကိုင်စွဲထား သူတွေကို လွတ်လပ်စွာစောင့်ကြည့်နိုင်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် ထိရောက်တဲ့ကာကွယ်မှုနဲ့ ကုစားမှုတွေ ရရှိစေခြင်း၊ တာဝန်ခံမှုရှိစေမှုတွေအတွက် ဆောင်ရွက်နိုင်ခြင်းတို့နဲ့သာ အဓိက တိုင်းတာရမှာ ဖြစ်ပါတယ်။

]]>