ဟိုချီမင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဟိုချီမင်း Covering Burma and Southeast Asia Sat, 11 Jul 2026 11:39:54 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဟိုချီမင်း Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဟိုချီမင်း 32 32 ဟိုချီမင်း၏ အကျဉ်းထောင်က ပလွေသံကဗျာများ https://burma.irrawaddy.com/article/2026/07/12/414719.html Sun, 12 Jul 2026 01:00:36 +0000 https://burma.irrawaddy.com/?p=414719 ဟိုချီမင်း၏ အကျဉ်းထောင်က ပလွေသံ ကဗျာသည် ယုံကြည်ချက် တခုအတွက် တိုက်ပွဲဝင်စဉ် အကျဉ်းချ ခံရသည့် မျိုးချစ်များ အားလုံးကို ကိုယ်စားပြုလျက် ရေးထားသည့် ကဗျာစု ဖြစ်… ]]>

Alleen Palmer ဆိုသူက အင်္ဂလိပ်လို ဘာသာပြန်ထားသည့် ဟိုချီမင်း၏ အကျဉ်းထောင် ကဗျာများ စာအုပ်ငယ်ကလေး တအုပ် ရထားသဖြင့် သမ္မတကြီး ဟိုချီမင်း၏ လူသိနည်းသော ဘဝ တစိတ်တပိုင်းကို ဖော်လှစ်မည်ဟု ယုံရသည့် ထိုစာအုပ်ကလေးကို ကဗျာဆရာ မောင်စွမ်းရည် လက်သို့ အပ်၍ ဘာသာပြန်ရန် တိုက်တွန်းခဲ့ပါသည်။

ဗီယက်နမ် သမ္မတကြီး ဟိုချီမင်းမှာ အနေအထိုင် ရိုးသား၍ အလိုနည်းခြင်း၊ သည်းခံတတ်ခြင်း၊ ဘာနှင့်မဆို ရောင့်ရဲ တင်းတိမ် တတ်ခြင်းများကို သူနှင့် ခေတ္တခဏ စကားပြောရကာမျှနှင့် သိသာနိုင်သည့် ပုဂ္ဂိုလ်မျိုး ဖြစ်သော်လည်း၊ သူ့ကို လူပုဂ္ဂိုလ် တယောက်အနေနှင့် ပိုမို စိတ်ဝင်စားလာသဖြင့် သူ့ဘဝ၊ သူ့အတ္ထုပ္ပတ္တိကို ပြောပြပါရန် မေးလျှင်၊ သူက သူ့အကြောင်း ဟူ၍ သီးခြား မရှိပါ။

သူ့အကြောင်းထက်ပို၍ စိတ်ဝင်စားစရာကောင်းသော သူတို့ ဗီယက်နမ်တို့၏ လွတ်လပ်ရေး တိုက်ပွဲများ အကြောင်းကိုသာ နားထောင်ပါဟု ဆိုပြီး ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေး ပြည်သူ့တိုက်ပွဲများ အကြောင်းကိုသာ ပြောပြတတ်သူ ဖြစ်လေသည်။

ဗီယက်နမ် တမျိုးသားလုံးကို ဦးဆောင် တိုက်ပွဲဝင်လျက်ရှိသည့် သမ္မတကြီး ဟိုချီမင်း၏ အတ္ထုပ္ပတ္တိ အဖြစ်ဖြင့် သားသမီး မရှိ၊ နောက်အိုးအိမ် မထူထောင်သော မုဆိုးဖို တဦး၊ ပိုက်ဆံ တပြားမှ မပါရှိဘဲနှင့် ကမာ္ဘကို လှည့်၍ အသိပညာ ရှာခဲ့သူ၊ အကျဉ်းထောင် ၂၀ ထက် မနည်းတွင် အချုပ်ခံခဲ့ဖူးသူ၊ ဗီယက်နမ် မျိုးချစ်တဦး ဟူသည်က လွဲ၍ အခြား ကျယ်ကျယ် ဝန်းဝန်း သိစရာမရှိသူ ဖြစ်ပါသည်။

ထို့ကြောင့် ဟိုချီမင်း ကိုယ်တိုင်ရေးသည့် အကျဉ်းထောင် ကဗျာများ စာအုပ်ကလေးကို တွေ့ရသည့် အခါ၊ သမ္မတကြီးက ဘယ်နှထောင်မှန်း မမှတ်မိတော့ပါ ဟူ၍ပြောသည့် အကျဉ်းထောင် ၁၀ ခုတွင် သူအကျဉ်းချ ခံခဲ့ရစဉ်က ကိုယ်တိုင် ရေးခဲ့သည့် ကဗျာ ကလေးများသည် အကျဉ်းကျခံရသည့် ရက်များအတွင်း သူ့ဘဝ တစိတ်တဒေသကို ဖော်ထုတ်လိမ့်မည် ဟူ၍ပင် ယုံကြည်ပြီး မောင်စွမ်းရည်အား ဘာသာပြန်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။

ယခု သူ့ဘာသာပြန် ကဗျာစာအုပ်ကလေး ထွက်လာ၍ ဖတ်ကြည့်ရသည့် အခါ ဘယ်ကဗျာစာအုပ်မျိုးကို ဖတ်၍မျှ မခံစားရ စဖူးသော ထူးထွေသည့် ခံစားရချက် တမျိုးကို ခံစားရပါသည်။

ဟိုချီမင်း၏ အကျဉ်းထောင်က ပလွေသံ ကဗျာသည် ယုံကြည်ချက် တခုအတွက် တိုက်ပွဲဝင်စဉ် အကျဉ်းချခံရသည့် မျိုးချစ်များ အားလုံးကို ကိုယ်စားပြုလျက် ရေးထားသည့် ကဗျာစု ဖြစ်သည်။

မျိုးချစ်တို့ အကျဉ်းချခံရစဉ် ဖြစ်ပေါ်ခံစားချက်များ၊ တိုက်ပွဲ၌ အနိုင်မခံ အရှုံးမပေးပုံများ၊ အားမာန် တင်းပုံများကို ဖွဲ့ဆို ထားသည့် ကဗျာစု ဖြစ်သည်ကို တွေ့ရပါသည်။

ထို့ကြောင့် ဤကဗျာစုသည် ဟိုချီမင်း၏ ကဗျာများ ဆိုသော်လည်း အကျဉ်းကျခံရသော မျိုးချစ်တိုင်း၏ ကဗျာ ဖြစ်လေသည်။

“ထောင်” ဟူသည်မှာ ဖိနှိပ်စိုးမိုးသူကို ရုန်းကန်သည့် လူသားအား စိုးမိုးသူက ဒဏ်ခတ်ရာ၊ သို့မဟုတ် ရုန်းကန် တော်လှန်သော စိတ်ဓာတ်ကို ရိုက်ချိုးရာ နေရာ ဖြစ်ပေရာ၊ ထောင်၏ သဘောသည် ကာယိကဒုက္ခ၊ စေတသိကဒုက္ခ အမျိုးမျိုးကို ခံစားစေခြင်းဖြင့် လူ၏ စိတ်မာန်ကို ချသည့်အရပ်မျိုး ဖြစ်သည်။

ဟိုချီမင်းသည် သူ့နိုင်ငံ ကိုလိုနီ နယ်ချဲ့သမားအောက်မှ လွတ်မြောက်ရေး အတွက် ပြည်ပမှ တိုးတက်သော ဘဝတူလူသား များ၏ အကူအညီကို ရယူအံ့ဟု တရုတ်ပြည်သို့ အဖော် ၂ ဦးနှင့် ခိုး၍ထွက်ခဲ့သည်။

လမ်းတွင်အဖော်များ အကြောင်း မညီညွတ်၍ ကျန်ခဲ့ပြီး တရုတ်ပြည်တွင်းသို့ သူတဦးတည်း ဝင်ခဲ့ရာ၌ သူတွေ့လိုသူများ နှင့် မတွေ့ရမီ ဖောက်ပြန်သော လူတစုနှင့် တွေ့ရှိသွားပြီး ထိုလူစုက ဟိုချီမင်းအား သူလျှိုလုပ်သည်ဟု စွပ်စွဲကာ တရုတ်ပြည် တောင်ပိုင်းရှိ ကွမ်စီနယ်ထဲ၌ ထောင် ၁၀ ထောင်မျှပြောင်း၍ “ကာလအတိုင်းမသိ” ချုပ်နှောင်ထားပြီး ဟိုချီမင်း ၏ စိတ်မာန်ကို ချဖို့ ကြိုးစားခဲ့သည်။

အစာငတ်ခံထားခြင်း၊ ဆန်ပြုတ်ရည်ကျဲမှ လွဲ၍ မစားသောက်ရခြင်း၊ ကျဉ်းကျပ် မည်းမှောင်ရာတွင် ကြာရှည်လေးမြင့် ချုပ်နှောင်ခြင်း၊ ခြေချင်းလက်ထိတ်ခတ်ခြင်း၊ လွတ်ရက်မရှိ၊ တရားလိုမရှိ၊ အမှုမရှိ ချုပ်ထားခြင်းများဖြင့် ဟိုချီမင်းကို နှိပ်စက်ကလူ ပြုမူကြသည့်အခါ ဟိုချီမင်းက “ဒုက္ခများက ငါ့အား ထုတေမာကျောစေခဲ့ရာ ငါ့စိတ်မာန်မှာလည်း သံမဏိ ဖြစ်လျက် အသားတက်ခဲ့ပါပြီတည်း။” ဟူ၍ ကဗျာရေးပြီး သူ့ဘာသာ အားပေးလေသည်။

“မဝရေစာ၊ နှိပ်စက်ပါ၍၊ ဆံမှာလည်းဖြူ၊ သွားမူလည်းကြွေ၊ ကိုယ်ရေလည်းမွဲ၊ ကြုံ၍မည်းကာ၊ ဝဲစွဲလာခဲ့၊ အနည်းငယ်မျှ၊ မာန်မချ၍၊ ငါ့ကိုယ်ခန္ဓာ၊ ဆင်းရဲပါလည်း၊ စိတ်မှာမူကား မဖြုံပေါင်” ဟူ၍လည်း သူ့မာန်ကို သူတင်းလေသည်။

“ထောင်တွင်း တစ်ရက်၊ ထောင်ပြင်ဘက်၌ ရက် ၁ဝဝဝ နှင့် ညီမျှသည်” ဖြစ်ရာ ကာလ အကန့်အသတ်မရှိ ချုပ်နှောင် ထားခြင်း ခံရသည့် အကျဉ်းသားအဖို့ အကျဉ်းထောင်ရက်များ ကုန်ဆုံးရရေးမှာ အကျဉ်းသား၏ အသက်ရှင်နိုင်ရေး အတွက် လိုအပ်ချက်ကြီး ဖြစ်သည်။

ထို့ကြောင့် ဟိုချီမင်းက “စာဆိုလေ့မှာ ငါ့လေ့မဟုတ်လည်း ထောင်တွင်းမှာ ဒါကလွဲ ဘာလုပ်မှာလဲ” ဟု သူ့အမေးကို သူက ဖြေသည်။

ဟိုချီမင်းသည် ထောင်ရက်များ အတွင်း၌ ဗီယက်နမ် လက်ရေးတို ရေးနည်းကို ထွင်၏။ ချန်ကေရှိတ်၏ တရုတ်ပြည် အနာဂတ်ရေး စာအုပ်ကို ဘာသာပြန်၏။ စစ်တုရင် ထိုးလည်း သင်၏။

နန်နင်းထောင်၊ ကိုတူးထောင်၊ ပါအိုစီယန်းထောင်၊ စင်းဆီထောင်၊ တီယန်ပိုထောင်၊ လောင်စွမ်းထောင်၊ တီယန်ထွန်း ထောင်၊ လောင်အန်းထောင်၊ တွန်ချွန်ထောင်၊ ပင်းဟာထောင်၊ အိုအိမင်းထောင် စသည် စသည်ဖြင့် တရုတ်တို့က ဟိုချီမင်း ကို မရေတွက်နိုင်သော ထောင်များသို့ ပြောင်းရွှေ့ ချုပ်နှောင်သည်။

ဤထောင်များ၌ ၁၄ နှစ်ကြာ (တချို့က ၁၄ လ ဟု ဖော်ပြသည်ကို တွေ့ရပါသည်။) ချုပ်နှောင်ပြီးမှ လွှတ်လိုက်သောအခါ ဟိုချီမင်းမှာ ခြေလည်း မသန်၊ မျက်စိလည်း မှုန်၍ တကိုယ်လုံး ကိုက်ခဲနေပြီး ခြေလှမ်း ၃ လှမ်း ၄ လှမ်းမျှ လမ်းမလျှောက် နိုင်တော့သည့် ဘဝမျိုးဖြင့် ထွက်လာသည်။

တိုင်းပြည်အတွက် လုပ်စရာတွေက အလွန်ကြီးလေးစွာ ရှိသေးသောကြောင့် ဒူလာသမား ဘဝမှ လူလည်း ပြန်သန်အောင်၊ မျက်စိလည်း ပြန်သန်အောင် လေ့ကျင့်ယူပြီး ၁၉၄၅ ခုနှစ်၌ ဗီယက်နမ်တွင် ရန်သူများနှင့် ပြန်လည် ရင်ဆိုင်ခဲ့လေသည်။

ဟိုချီမင်း၏ ကဗျာကလေးများမှာ ပုဒ်ရေ ၁၀၀ မျှပါ၍ သန်းခေါင်ယံ အမည်ရှိ ကဗျာလေးတွင် “အိပ်နေလျှင်ကား၊ မျက်နှာများ၌၊ ရိုးသားသည့်သွင် မြင်ရ၏။ အကောင်းအဆိုး၊ ဤနှစ်မျိုးသည်၊ နိုးသောခါမှ၊ မျက်နှာတို့တွင် အရိပ်ထင်၏။ ကောင်းမှုဆိုးမှု၊ ဤနှစ်ခုမှာ မွေးသောခါက၊ မပါလာခဲ့။ ကောင်းမှုဆိုးမှု၊ ဤနှစ်ခုမှာ ပညာပေးမှု အခြေပြု၏” ဟူ၍ အကျဉ်းထောင် တခုလုံး အိပ်ပျော်နေခိုက် လူသားအပေါ် ဟိုချီမင်းက ကြင်နာစွာ မြင်ပုံကြည့်ပုံကလေးများကို ဖွဲ့ထားသည် များလည်း ပါသည်။

အကျဉ်းသား အချင်းချင်း ငဲ့ညှာကြင်နာရမှု၊ ဗီယက်နမ်တွင် ကျန်ရစ်သည့် လုပ်ဖော်ကိုင်ဖက်များကိုသတိရမှု၊ အကျဉ်းသား ဘဝ၌ အနိုင်ကျင့်ခံရမှု၊ အကျဉ်းခံရစဉ် ကျောချင်းကပ် အိပ်နေသူ သေဆုံးသည်နှင့် ကြုံရမှု စသဖြင့် ဖွဲ့ဆိုမှု အကြောင်း အရာများ စုံလင်လှသည်။

ဤကဗျာစာအုပ်ငယ်ကို မောင်စွမ်းရည်က ဘာသာပြန်ရာ၌ မူလစာဆို ဟိုချီမင်း ၏ အာဘော်နှင့် ဒုတိယအကြိမ် ဘာသာပြန်သူ နှင့် ဘယ်အထိ နီးမည်ဝေးမည်ကို မသိသောကြောင့် လက်တွန့်မိသည့် အကြောင်းကိုလည်း သူ့နိဒါန်းတွင် ရေးထားသည်။

သို့သော် ကဗျာကို ဘာသာပြန်ရသည်မှာ ခက်သည်နှင့် ဘာသာမပြန်ဘဲကား မနေအပ်ဟု ယုံသဖြင့် ဤကဗျာကို သူဘာသာပြန်သည်၊ ပြန်သည့်အခါ သူ့တွင် ရည်ရွယ်ချက် ၃ ရပ်ရှိသည်။

တစ်ရပ်မှာ နယ်ချဲ့နှင့် ဖက်ဆစ် ဆန့်ကျင်ရေး သူရဲကောင်းကြီး သမ္မတ ဟိုချီမင်းကို အလေးပြုလိုခြင်း၊ ဒုတိယအားဖြင့် အိမ်နီးချင်း ဗီယက်နမ် ပြည်သူတွေနှင့် မြန်မာပြည်သူတွေ ပိုမိုရင်းနှီး ချစ်ခင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး အလံကို မြင့်မားစွာ လွှင့်ထူနိုင်စေလိုခြင်း၊ တတိယအားဖြင့် တောင်ဗီယက်နမ် အမျိုးသား လွတ်မြောက်ရေး တပ်ဦးကို ရည်ညွှန်းဂုဏ်ပြု လိုခြင်းများ ဖြစ်သည်။

ထို့ကြောင့် ဤကဗျာစုကို သူဘာသာပြန်ခြင်းဖြစ်သည်ဟု နိဒါန်းတွင် ဖော်ပြထားလေသည်။

ဘာသာပြန်ရသည် ဆိုခြင်းမှာ စင်စစ်တော့ စွန့်စားရခြင်းပင်ဖြစ်ပါသည်။ သို့ရာတွင် ဖိုလှိုက်ရခြင်း အရသာကို ကြိုက်၍ စွန့်ခြင်းကား မဟုတ်၊ ဘာသာတရပ်ဖြင့် ရေးသားထားသည်များ ထိုဘာသာကို မတတ်ကျွမ်းသူတို့ ဖတ်နိုင်ပါစေတော့၊ ဖတ်ခွင့်ရပါစေတော့ ဟူသော ဖြူစင်သည့် စေတနာ၏ စေ့ဆော်ချက်ကြောင့် စွန့်စားကြရခြင်း ဖြစ်ပါသည်။

ဒွန်ကွိဇုတ်က “ဘာသာပြန်တယ် ဆိုတာ အဝတ်ကို ပန်းထိုးတာကို ပြောင်းပြန် လှန်ကြည့်ရတာနဲ့ တူတယ်။ ပြောင်းပြန် ဘက်က ပန်းခက်တွေ ရုပ်လုံးပေါ်အောင်မြင်ရပါရဲ့၊ အလှဟူသမျှကတော့ မပါလာဘဲ ဟိုဘက်မှာ ကျန်ရစ်သဗျ” ဟူ၍ ပြောသလို ဘာသာပြန်သူသည် ရေးသူ၏ သဘောကိုသာ အမိအရယူ၍ ပြနိုင်သည်။

မူလစာရေးသူ၏ လေတို့၊ စေတနာတို့၊ ဟန်တို့ကိုပါ ပါအောင်သယ်၍ ဘာသာပြန်နိုင်ဖို့ကား မလွယ်ကူလှပါ။

သို့သော် မူလထားရှိသည့် စေတနာမှန်လျှင် ဘာသာပြန်သူသည် သူလက်လှမ်းမီသမျှကို အစွမ်းကုန်ကြိုးစား၍ ပြန်လေသည်။

စာရေးဆရာ မဖြစ်သေး၍၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး စသည်များ ကိုယ့်ဘာသာ မရေးတတ်သေး၍၊ သူများရေးထားသည့် စာကို ကောက်ပြီး ဘာသာပြန်ခြင်းဖြင့် စာရေးဆရာဖြစ်ဖို့ ကြိုးစားလျှင်ကား စေတနာ မမှန်သောကြောင့် တကြောင်း၊ မြန်မာစာ အရေးအသား ကောင်းနိုင်ဖွယ် မရှိသောကြောင့် တကြောင်း ထိုဘာသာပြန်သည် အောင်မြင် ကောင်းမွန်ခြင်း မရှိတတ်ပေ။

မောင်စွမ်းရည်၏ ကဗျာ ဘာသာပြန်သည် သမ္မတ ဟိုချီမင်းက ဤဘာသာပြန်ကို ဖတ်နိုင်ဖွယ်လည်း အကြောင်းမရှိ၊ မြန်မာ စာဖတ် ပရိသတ်ကလည်း ဟိုချီမင်း၏ မူလဗီယက်နမ် အရေးအသားကို ဖတ်နိုင်ဖွယ် မရှိသောကြောင့် အခြား ဘာသာပြန်သူများ နည်းတူ လိပ်ပြာလုံလုံပင် နေလိုက်ပါသည်။

သို့သော် သူ့ဘာသာပြန်ကိုချည်း ဖတ်ကြည့်သည့်အခါ ဖတ်၍ကောင်းသည်။ ဟိုချီမင်း၏ အာဘော်သည်လည်း ဤကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ယုံကြည်လာသည်။ ထို့ကြောင့် ဘာသာပြန်အနေဖြင့် ကောင်းပါသည်ဟူ၍ပင် ဆိုချင်သည်။

ဤကဗျာများကို ဘာသာပြန်ရာ၌ မူလ အင်္ဂလိပ် ကဗျာလေးများကို မြန်မာလိုစကားပြေနှင့် ရေးကြည့်ပြီးမှ ကဗျာစပ်ယူခြင်း လောဟု ကျမက မေးကြည့်ရာ တိုက်ရိုက်ပင် ကဗျာလိုရေးချသည်ဟု မောင်စွမ်းရည်က ပြောပါသည်။

ထို့ကြောင့် သူ့လိုပင် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်သူက ပြုလုပ်ခဲ့သည်ဆိုလျှင် ယခုမောင်စွမ်းရည်၏ ဘာသာပြန်သည် ဒုတိယအဆင့် ဘာသာပြန်ပင်ဖြစ်၍ မူလနှင့် များများကြီး ဝေးမယ် မထင်ဟုပင် အောက်မေ့မိပါသည်။

ဟိုချီမင်း ထောင်တွင်း၌ အချိန်ကုန်အောင် လုပ်ခဲ့သည့် အလုပ်များအနက် လက်ရေးတို ရေးနည်းနှင့် ဘာသာပြန်များမှာ စာရွက်များ ပျောက်ကုန်၍ ပုံမနှိပ်နိုင်တော့၊ ယခု ကဗျာကလေးများ ကံကောင်းလှစွာ မပျောက်မပျက်သောကြောင့် စာအုပ် ဖြစ်၍ လာသည်။

ထိုစာအုပ်ကို တဦးသောသူက အင်္ဂလိပ်လို ဘာသာပြန်သည်။ ထိုဘာသာပြန်ကို မောင်စွမ်းရည်က မြန်မာလို ဘာသာ ပြန်သဖြင့် မြန်မာစာဖတ် ပရိသတ်တို့ လက်တွင်းသို့ ရောက်လာသည်။

ဤသည်မှာ ဝမ်းသာဖို့ကောင်းသည်ဟုပင် ဆိုချင်ပါသည်။

ကဗျာကို မြန်မာလို ဘာသာပြန်သည်မှာလည်း များများမရှိခဲ့ဘူးပါ။ အိုမာခရမ်း ကဗျာ တအုပ်လောက် ရှိသည်ဟု ထင်ပါသည်။ ထိုဘာသာပြန်မှာလည်း မအောင်မြင်၍ ထင်ပေါ် ကျော်ကြားခြင်း မရှိခဲ့ပါ။ ။

လူထုသတင်းစာ

၁၂ ဧပြီ၊ ၁၉၆၆

(သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ ရေးသားခဲ့သည့် ဤဆောင်းပါးကို လူထု ကြီးပွားရေး စာအုပ်တိုက်က ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ဝေသော “စာမှန်အောင် ရေးကြစို့…” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာမကြီးသည် ၂၀၀၈ နှစ် ဧပြီလ ၇ ရက် အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>