အိုဗာမင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိုဗာမင် Covering Burma and Southeast Asia Sat, 13 Jan 2024 01:01:18 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png အိုဗာမင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/အိုဗာမင် 32 32 ပွဲဈေးမှ အိုဗာမင်သို့ https://burma.irrawaddy.com/article/2024/01/13/378394.html Sat, 13 Jan 2024 00:55:00 +0000 https://burma.irrawaddy.com/?p=378394 ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသော တရားသည် ဘုရားပွဲ ဈေးခင်း ခေတ်၌ အံကိုက် ဖြစ်ခဲ့စေကာမူ ယခုကဲ့သို့ ကွန်ပျူတာ ခေတ်တွင်ကား အံဝင်ဖို့ အလွန် ခဲယဉ်းသွားပေသည်။]]>

ဘုရားဖူးသွားရင်း လှည်းပေါ် ကုန်စည်စလယ်များ တင်ကာ ပွဲဈေး၌ ပျော်ပျော်ပါးပါး ရောင်းချကြသည်။

အခြားအရပ်မှ ပွဲဈေးလာသူတို့၏ ကုန်စည်တို့က ဆန်း၍ ဈေးချိုနေလျှင်လည်း ဝယ်ပြီး ပြန်လာခဲ့ကာ မိမိတို့ အိမ်ဆိုင်တွင် ပြန်၍ ရောင်းကြသည်။

သို့ဖြင့် ဘုရားလည်း ဖူးရင်း လိပ်ဥလည်း တူးရင်း ဆိုသကဲ့သို့ ဘုရားဖူးခြင်းနှင့် ဘိစနက် ခေါ် ကုန်ရောင်း ကုန်ဝယ် ပြုခြင်း တို့သည် တထပ်တည်းလို တသားတည်းလို ဖြစ်လာခဲ့ကြသည်။ အတူတူနှင့် အနူနူလို ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အလယ်ခေတ်တွင် ဤသဘော ဖြစ်ခဲ့ရကား ဘုရားပွဲသည် ဈေးခင်း Market place ဖြစ်လေသည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟု ဆိုလောက်သည်။

သို့သော် သမ္မာကျမ်းစာ၏ ဋိကာ တခု၌ ဈေးခင်းကို ဤသို့ အနက် အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

“ဈေးခင်းသည် လူတို့ တယောက်နှင့် တယောက် ကလိန်ကကျစ် လုပ်ဖို့ရာ အတွက် သီးသန့် ခွဲခြားထားသော နေရာ ဖြစ်သည်”

ကုသိုလ် ရသည် ဟူသော အချက်ကို သံသယနှင့် ပြောပုံရသည်။

ခရစ်ယာန် တန်ဖိုး

မည်သို့ပင် ဖြစ်စေ ယနေ့ မေးခွန်းထုတ်လာသော ပုစ္ဆာမှာ စီးပွားရေးကို ဘုရားဖူး သွားသလို သတ်မှတ်၍ ယခုအခါ၌ လုပ်လို့ ရပါသလား ဟူ၍ ဖြစ်၏။

မျက်မှောက်ခေတ် စီးပွားရေး လုပ်ပုံ လုပ်နည်းတို့သည် အလွန်တရာမှ ခေတ်မီသကဲ့သို့ အလွန်တရာမှလည်း ရှုပ်ထွေးလှရကား ဘုရားပွဲဈေးကဲ့သို့ မလွယ်တော့ပေ။ မရိုးစင်းတော့ပေ။

ဘုရားပွဲဈေးခင်းသည် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ အဖြစ်သာ တခါတရံ လွမ်းဖို့ ကောင်းတော့သည်။ လက်တွေ့ နမူနာအဖြစ်ကား ကျင့်သုံးလို့ငှာ မဖြစ်။ ဤသို့ မြင်လျှင် ကွဲသွားမည်။

ဥရောပ အလယ်ခေတ်၌လည်း ဘုရားဖူး သွားခြင်း ဘိစနက် ခေါ် စီးပွားရေး လုပ်ခြင်းတို့သည် တသားတည်း ရောထွေး နေခဲ့ဖူးသည်။

မည်မျှအထိ ရောထွေးနေခဲ့သနည်းဆိုမူ စီးပွားရေးကို ခရစ်ယာန် တန်ဖိုးများ အတိုင်း အညီအညွတ် ဆောင်ရွက်ကြရ မည်ဟု ဟောခဲ့ကြသည်အထိ ဖြစ်သည်။ ခရစ်ယာန် နည်းကျ၊ အစ္စလာမ် နည်းကျ ဆောင်ရွက်ကြဖို့ ဟောခဲ့ကြသည်။

မြန်မာနိုင်ငံ၌ ဗုဒ္ဓ အဆုံးအမနှင့် အညီ ကုန်သည် ပွဲစားတို့ လိုက်နာ ဆောင်ရွက်အပ်သည်ဟု ဟောနေပုံမျိုးနှင့် တူပါသည်။

ဘာသာရေး နည်းကျ ဆောင်ရွက်ရန် တိုက်တွန်းမှုသည် အလယ်ခေတ်ဆီသို့ ပြန်၍ သတိရစေ၏။ ကုန်စည်စလယ် တို့ကို လှည်းဖြင့် တင်ရင်း တပျော်တပါး ဘုရားဖူး သွားကြသည့် ခေတ်ကို ပြန်လည် အောက်မေ့စေသည်။

ဂေါ့(ဒ်) ထွက်ခွာခြင်း

ဖော်ကျွန်း မဂဇင်းကြီးသည် ဥရောပ စီးပွားရေး သမိုင်းကို ခြေရာခံကြည့်ရာ ၁၉ ရာစုနှစ် ကုန်ဆုံးခါနီးမှ စ၍ ဂေါ့(ဒ်) သည် ဘိစနက်တွင် မရှိတော့။ ပျောက်ကွယ် သွားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။

ထိုအရင် မတိုင်မီက ဂေါ့(ဒ်) အဆုံးအမ တို့သည် ထိုစဉ်က စီးပွားရေး လောကတွင် အတော် သြဇာညောင်းခဲ့သည်။

ကုန်သည် ပွဲစားတို့လည်း ကူးသန်းရောင်းဝယ်မှု လုပ်ငန်းတို့ မည်သည် ဘုရားသခင်၏ စိတ်အလိုတော်ကျ အတိုင်း ဆောင်ရွက်ရာ ကိရိယာ ဖြစ်ပါကလားဟု ယုံကြည် လက်ခံခဲ့ကြသည်။

ဤနေရာ၌ ကုန်သည်ပွဲစားတို့၏ ဘုရားတရား ကြည်ညိုမှုနှင့် ဖော်ပြပါ ယုံကြည်ချက်တို့သည် ဆက်စပ်မှု အသို့ရှိပါသနည်း ဆိုသော အချက်နှင့် ပတ်သက်၍ ဝေဖန် တင်ပြကြသည်မှာ စိတ်ဝင်စားဖွယ်ရာ ကောင်းပါသည်။

ဘာသာရေး နည်းကျ ဆောင်ရွက်စေရာသည် ဟူသော အမြင်ဖြင့် သမ္မာအာဇီဝ ဆိုသော စကား ပေါ်လာဟန်တူသည်။ သမ္မာအာဇီဝ နှင့် အလှူဒါန ရက်ရောမှုတို့သည် ထပ်တူ မဟုတ်ကြောင်းကိုလည်း ထောက်ပြကြသည်။

ဥရောပ စီးပွားရေး သမိုင်းတွင် ခရစ်ယာန် ဘာသာရေး ဂိုဏ်းတို့က စီးပွားရေးသမားတို့ကို ပြစ်တင် ရှုတ်ချခဲ့သည်မှာ ဒုနဲ့ဒေး ဖြစ်၏။ ဤသို့ ရှုတ်ချစဉ်၌ စီးပွားရေးသမားတို့၏ အလှူဒါန ရက်ရောမှုတို့မှာ အလွန်အားရစရာ ကောင်းနေပါသည်။

သမ္မာအာဇီဝ မဖြစ်စေကာမူ အလှူဒါန ရက်ရောမှုဖြင့် မိစ္ဆာဆာဇီဝကို သေနိုင်သည်။ သို့မဟုတ် ကုသိုလ်ကို ပြန်ရရှိနိုင်သည် ဟု မြင်လာကြဟန်တူသည်။

နောက်ဆုံးတော့ ဂေါ့(ဒ်) သည်လည်း ဖော်ကျွန်း မဂ္ဂဇင်း သုံးသပ်ထားသည့် အတိုင်း စီးပွားရေး လောကမှ ခွာထွက် သွားခဲ့ရသည်။ စီးပွားရေးကို ဂေါ့(ဒ်) အဆုံးအမ အတိုင်း မလုပ်တော့ချေ။

ဖောင်ဒေးရှင်းများ

စီးပွားရေး လောက၏ သီလတရားတို့ကို ဘာသာရေး အဆုံးအမတို့ဖြင့် တည်ဆောက်ထားခဲ့သော်လည်း နောက်ပိုင်းတွင်မူ ဘာသာရေး အဆုံးအမတို့၏ သီလတရား နေရာတွင် စီးပွားရေးလောက (ဘိစနက် လောက) ၏ သီလတရားတို့က ဝင်ရောက် အစားထိုးလာကြသည်။

ဤသီလ တရားတို့ကိုပင် နိုင်ငံအစိုးရတို့က ဥပဒေ အစီအရင်တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ပေးသော အခါ သီလတရား တို့သည် ဥပဒေများ ဖြစ်သွားကြကုန်သည်။
ဘာသာရေး သီလတရား ဆိုလို့ ဘာပဲ ကျန်သနည်း ဆိုမူ အလှူဒါန စွန့်ကြဲခြင်းသာ ကျန်တော့သည်။

ထို့ကြောင့် အနောက်တိုင်းနှင့် အရှေ့တိုင်းမှ ချမ်းသာ ကြွယ်ဝလာသော နိုင်ငံတို့တွင် ကုဋေကြွယ် သူဌေးကြီးတို့သည် ဒါနစွန့်ကြဲရာ ဖောင်ဒေးရှင်းများ၊ ထရပ်(စ်) များ ထူထောင်လာကြကုန်သည်။

ဤကိစ္စနှင့် ပတ်သက်၍ အဆိုစကား တခု ရှိလာသည်မှာ သန်းကြွယ် သူဌေး တဦး၏ တော်တည့် မှန်ကန်သော ဘဝသည် အလှူဒါန စွန့်ကြဲနေခြင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။

သို့သော် အမေရိကန်နှင့် ဗြိတိသျှ ဥပဒေတို့တွင် ဝင်ငွေခွန်နှင့် အခွန် အရပ်ရပ်တို့မှ အလှူဒါန စွန့်ကြဲခြင်းကို ကင်းလွတ်ခွင့် ပြုထားပြန်သောအခါ အလှူစေတနာကို သံသယ ဖြစ်လာကြသည်။

ဘာပဲ ပြောပြော အများပြည်သူတို့ အကျိုးအတွက် လှူပစ်သည်က ပို၍ ကုသိုလ် ဖြစ်သေးသည်ဟု တွက်ကြပြီး ဘာအတွက် လှူလှူ ကောင်းတာချည်းပဲဟု လက်ခံလာကြကုန်သည်။

မှန်ကူကွက်

ဘိစနက် လောကမှ ဂေါ့(ဒ်) ထွက်ခွာသွားသော အခါ ဘိစနက် လောကသားတို့သည် မိမိအတွက် ဖြစ်စေ၊ ဘိစနက် လောက စိတ်ဟာကွက်ကို ဖြည့်ရန် ဒဿနကို ရှာဖွေလာကြရသည်။

ဤ ဒဿနတို့ကို အမျိုးမျိုး အဖုံဖုံ ဖော်ထုတ်ကြသည်။ မျိုးစုံလှသည်။ ဘိစနက် လောကသားတို့ ဟူသည် အလွှာအမျိုးမျိုး ရှိလေရကား အလွှာလိုက် ဒဿနတို့လည်း ရှိလာကြသည်။ မှန်ကူကွက် ကဲ့သို့ အရောင်စုံလှလေ၏။

ပိုင်ရှင်က လက်ကိုင်ပြုသော ဒဿန၊ မန်နေဂျာက လက်ကိုင်ပြုသော ဒဿန၊ အလုပ်သမားက လက်ကိုင်ပြုသော ဒဿန၊ အစုရှယ်ယာဝင်တို့က အသုံးပြုသော ဒဿန။

နိုင်ငံခြား အရင်းအနှီးတို့က ဝင်လာသောအခါ သူတို့ကလည်း ဒဿန ကိုယ်စီနှင့်၊ စားသုံးသူတို့ကလည်း ဒဿနများ ရှိကြလေ၏။

သုံးပွင့်ဆိုင်

ဤ ဒဿနတို့သည် များသောအားဖြင့် ဘာသာရေး အဆုံးအမတို့ကို အစားထိုးနေခြင်းသာ ဖြစ်ပေသည်။

လက်တွေ့ဘဝ၏ ခါးသီးမှုတို့ကြောင့်လည်း ဘာသာရေး နည်းကျ စီးပွားရေး လုပ်နည်းတို့သည် စိတ်ကူးယဉ် အဆင့်သို့ လျှောကျကုန်သည်။

ဤ အဆုံးအမတို့သည် လက်တွေ့နှင့် မကိုက်သည်က များလာသည်။ ဘုရားလည်းဖူး လိပ်ဥလည်း တူးဆိုသော တရားသည် ဘုရားပွဲ ဈေးခင်း ခေတ်၌ အံကိုက် ဖြစ်ခဲ့စေကာမူ ယခုကဲ့သို့ ကွန်ပျူတာ ခေတ်တွင်ကား အံဝင်ဖို့ အလွန် ခဲယဉ်းသွားပေသည်။

အသက်ရှင်ရန် ရုန်းကန်မှု တိုက်ပွဲ Survival Struggle သည် အလွန် ပြင်းထန်ရကား ဂိမ်းသည် (Game) တမျိုး ဖြစ်လာ၏။ သူ့ ဂိမ်းစည်းကမ်းနှင့် သူ ဖြစ်လာ၏။

ဘာသာရေး စည်းကမ်းတို့ကို အရေးမစိုက်နိုင်။ ဤ ဂိမ်းစည်းကမ်းအတိုင်း မကစားနိုင်သူတို့သည် ပွဲမှ ဆောလျှင်စွာ ထွက်ရဖို့သာ ရှိချေသည်။

ဤ ဂိမ်းတွင် သုံးပွင့်ဆိုင်ရှိသော တာဝန်တို့ကို သိလျှင်ပင် သင့်မြတ်လှပြီဟု ဆိုလာကြသည်။

ပထမ တာဝန်မှာ လုပ်သားတို့၏ စားဝတ်နေထိုင်ရေးကို ဂရုစိုက်ခြင်း၊ ဒုတိယ တာဝန်မှာ အစုရှယ်ယာဝင်တို့၏ အကျိုး စီးပွားကို စည်ကားစေခြင်း နှင့် တတိယ တာဝန်မှာ ဖောက်သည်တို့ အပေါ် ဝန်ဆောင်မှု ကောင်းမွန်စေခြင်းတို့ ဟူ၍ ဖြစ်ပါသည်။

ဝေဖန်ရေး မျက်စိ

စီးပွားရေးသမား တဦးစီသည် ဘာသာတရားကို ကိုင်းရှိုင်းနိုင်စေကာမူ အဖွဲ့အစည်းအနေဖြင့်ကား ဘာသာတရားကို မကိုင်းရှိုင်းနိုင်ကြပါဟု ဝေဖန်ကြသည်။

ဘိစနက်မင်းသည် ပန်းချီဆရာ၊ နိုင်ငံရေးသမား၊ သိပ္ပံပညာရှင်၊ ပညာရှိ သုခမိန်၊ အားကစားသမား စသော ပုဂ္ဂိုလ်တို့နှင့် မတူပေ။ ခြားနားလေ၏။ ဤပုဂ္ဂိုလ် တို့သည် ဝေဖန်မှု မျက်စိ၏ ဒေါက်ထောက် ကြည့်ရှုခြင်းကို အမြဲခံနေရသည်။

ပန်းချီဆရာ၏ ပန်းချီကားကို ဝေဖန်ရေးဆရာက ဝေဖန်ဖို့ အဆင်သင့်။ နိုင်ငံရေးသမား ပေါ်လစီကို အတိုက်အခံ တို့က ဖြစ်စေ၊ ပြည်သူလူထုက ဖြစ်စေ ဝေဖန်ဖို့က အရန်သင့်။
အားကစားသမားလည်း ဟန်မကျလျှင် အဆဲခံရဖို့သာပြင်။ သိပ္ပံပညာရှင်လည်း သူ့ သီအိုရီကို ဝိုင်း၍ ဝေဖန် တိုက်ခိုက် ကြသည်။

ဘိစနက်မင်း ကုန်ပစ္စည်း တခုကို ဝေဖန်ကြည့်စမ်းလား။ အကြည်ညိုပျက်ပြီး အကျိုးထိခိုက် နစ်နာအောင် လုပ်သည် ဆိုပြီး ဘိစနက်မင်းတို့က အသရေဖျက်မှု တရားများ စွဲပါလိမ့်မည်။ လျော်ကြေးတွေ မတန်တဆ တောင်းလေတော့၏။ ဤဒဏ်ကို သတင်းစာတို့က အခံရဆုံးဟု ဆိုကြ၏။

ဥပဒေတို့ကလည်း သူတို့ကို အကာအကွယ် ပေးထားလေသည်။

အိုဗာမင်

အထက်တွင် ဘိစနက်မင်းတို့သည် ဒဿနကို ရှာကြရကြောင်း တင်ပြထားခဲ့သည်။ ဘိစနက်မင်းတို့ အလွန် အောင်မြင် လာသောအခါ သူတို့ကိုယ် သူတို့ ဟီးရိုးလို့ ထင်လာတတ်ကြသည်။

ဟီးရိုး မဟုတ်သည့်တိုင်အောင် အိုဗာမင် (Overman) လို့ ထင်ကြသည်။ အခြား သူတကာထက် ပို၍ အစွမ်းရှိသည်ဟု ထင်ကြခြင်း ဖြစ်၏။

မြန်မာစကားမှ ဓနဂုဏ် မောက်ခြင်းနှင့် ဆင်တူစရာ ရှိသည်။

ဤသဘောကို မြှောက်ပေးသော ဒဿနကလည်း အရန်သင့် ရှိနေသည်။ ဤဒဿနမှာ နီရှေး၏ ဒဿန ဖြစ်လေသည်။ နီရှေးက အိုဗာမင် အရေးကြီးပုံကို ဟောသည်။ ဟီးရိုး အရေးကြီးပုံကို ဟောသည်။

ဤသည်နှင့်မျှ အားမရသေးသော ဗြီတိသျှ ကုမ္ပဏီ တခု၏ ဒါရိုက်တာ လူကြီး တဦးက “အမြတ် ရှာခြင်းသည် ဘုရားသခင်က ခွင့်ပေးထားသော လုပ်ငန်း ဖြစ်သည်” ဟု ကြွားလိုက်ပါသည်။

ဤပုဂ္ဂိုလ်သည် သမ္မာ အာဇီဝတို့၊ မိစ္ဆာ အာဇီဝတို့ ဟူ၍ ခွဲခြား မပြောတော့ဘဲ ပွဲအပြင် ရောက်နေသော ဘုရားသခင်နှင့် လည်း ကိုင်ပေါင်ခြင်း ဖြစ်တန်ရာသည်။ ။

(ရွှေဝတ်မှုန်၊ အောက်တိုဘာ၊ ၁၉၉၅)

(စာရေးဆရာကြီး မောင်စူးစမ်း ရေးသားခဲ့သည့် ဤဆောင်းပါးကို စိတ်ကူးချိုချို စာပေက ၂၀၀၅ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “မနက် မိုးလင်း အိပ်ရာမှအထ ဘာတွေ့ရမလဲ (လူ့အဖွဲ့အစည်းသစ်သို့ ရှုမြင်ချက်များ)” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် အသက် ၉၁ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)

]]>