ဧရာဝတီ တိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ထုံးတပို ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ဧရာဝတီရေကာတာကို ပြန်လည်ပြုပြင်မယ့် စီမံကိန်းကြောင့် တာဘောင်ပေါ်နဲ့ တာဘေးတွေမှာ အိမ်ဆောက် နေထိုင်ကြတဲ့ မိသားစု ၄၀၀ ကျော်ဟာ နေအိမ်တွေ ဖျက်သိမ်းပြောင်းရွှေ့ပေးရမယ့် အခြေအနေ ကြုံတွေ့နေပါတယ်။
ဖျက်သိမ်းပေးရမယ့် အိမ်တွေကတော့ ဧရာဝတီရေကာတာ တည်ဆောက်ထားတဲ့
ဇလွန်မြို့နယ်၊ ထုံးတပို၊ ချောင်းကြီး၊ ရေလဲနဲ့ ပိုင်ကျုံကျေးရွာမှာရှိတဲ့ တာဘောင်ပေါ်နေထိုင်သူ အိမ်ထောင်စု ၄၁၈ စု၊ လူဦးရေ ၂၀၀၀ ကျော် ရှိနေပြီး ထုံးတပို ကျေးရွာမှာတော့ ဇန်နဝါရီ ၁၅ ရက် နောက်ဆုံးထားပြီး အိမ်တွေဖျက်ဖို့ ကြေညာထားတဲ့အတွက် ဒေသခံတချို့က သူတို့နေအိမ်တွေကို ဖျက်သိမ်းပြောင်းရွှေ့ ခဲ့ကြပါတယ်။