မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မြသလွန်စေတီတော်အနီး သာသနာ့ဂုဏ်ရည် သီလရှင်ပညာရေးကျောင်းရှိ အခြေခံပညာအထက်တန်းအဆင့်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းပညာရေးဌာနက အသိအမှတ်မပြုသဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဖောင်တော်ဦးပရဟိတကျောင်းဖြင့်တွဲ၍ ဖွင့်လှစ်ထားရကြောင်း သိရသည်။
အဆိုပါကျောင်းကို သီလရှင်ဆရာကြီးဒေါ်သုစိန္တီမှ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စတင်၍ သီလရှင်ပညာရေးကျောင်းအဖြစ် ဦးစီးတည်ထောင်ခဲ့ပြီး အထက်တန်းအဆင့် သင်ကြားမှုအား ဖောင်တော်ဦးပရဟိတကျောင်းဖြင့် တွဲဘက်ဖွင့်လှစ်ထားခြင်းကြောင့် အစိုးရစစ်စာမေးပွဲများဖြစ်သော ၈တန်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မန္တလေးတိုင်းသို့ သွားရောက်ဖြေဆိုနေရသည်။
ထိုသို့သွားရောက်ဖြေဆိုမှုများပြုလုပ်နေရသဖြင့် ငွေကြေးကုန်ကျမှုများနှင့် မလိုလားအပ်သော အခက်အခဲများကို ရင်ဆိုင်နေရသဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အထက်ကျောင်းများဖြင့် တွဲဘက်ဖွင့်လှစ်ခွင့်ပြုပေးစေလိုကြောင်း အဆိုပါ ကျောင်းမှ သီလရှင်ဆရာကြီးဒေါ်သုစိန္တီက မိန့်ကြားသည်။