အသက် ၁၇ နှစ်သာရှိသေးတဲ့ မချိုပြုံးဟာ ကျန်းမာရေး ချို့ယွင်းနေတဲ့ မိခင်ဖြစ်သူကို ကူညီနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိတဲ့ အိမ်မှာ ပြီးခဲ့တဲ့လပိုင်းက အိမ်အကူအလုပ်ကို စတင်လုပ်ခဲ့ပါတယ်။
မချိုပြုံးရဲ့ မိခင်ဟာ အိမ်ရှင်ထံကနေ ငွေကျပ် ၂ သိန်းယူကာ လစာ တလ ကျပ် ၃ သောင်းခွဲနဲ့ သူ့မအား အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
ဒီလ ၇ ရက်နေ့မှာတော့ အိမ်ရှင် ကိုကျော်စိုးလင်း ဆိုသူက တံမြတ်စည်း မလှဲတတ်ခြင်း၊ အချက်အပြုတ် မကျွမ်းကျင်ခြင်း ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမကို မုန့်ကြိုးလိမ်လို ပူးကျစ်ထားတဲ့ ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တယ်လို့ မချိုပြုံးက ပြန်ပြောပြပါတယ်။
ချိုပြုံးကို ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တယ်ဆိုတဲ့ အိမ်ရှင် ကိုကျော်စိုးလင်း ဆိုသူ ကတော့ မက္ကာကို ဘုရားဖူးထွက်နေတယ်လို့ ကျောက်တံတား ရဲစခန်းကို ရောက်ရှိလာတဲ့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သူက ဆိုထားပါတယ်။