ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်၏ ယခုနှစ် တောင်ဖွင့်ရာသီမှာ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ လာရောက်ကြတာ များပြားပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ လုပ်ကိုင်နေကြတဲ့ အထမ်းသမားတွေကတော့ အလုပ်အကိုင် ထင်သလောက် အဆင်မပြေကြဘူးလို့ ဆိုကြပါတယ်။
ကျိုက်ထီးရိုးတောင်ပေါ်မှာ အထမ်းသမားဦးရေ ၉၀၀ ကျော်ရှိနေတာကြောင့် လူအထမ်းလုပ်ကိုင်သူတွေက ၃ ရက်မှာ ၁ ကြိမ် အလှည့်ကျထမ်းရပြီး၊ ကုန်အထမ်းသမားတွေကတော့ ၂ ရက်မှာ ၁ ကြိမ် အလှည့်ကျ ထမ်းကြရကာ ကြားအချိန်တွေမှာတော့ မြို့နယ်ကုန်တင်ကုန်ချ ကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားတဲ့ ဈေးနှုန်းရဲ့ အောက်ကြေးနဲ့ အဆင်ပြေအောင် လုပ်ကိုင်ကြရတာဖြစ်ပါတယ်။