ဧရာဝတီ ၊ မေ ၈ ၊ ၂၀၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန် မြို့နယ်၊ မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းရှိ ဆေးခြောက် စိုက်ခင်းမှ ဖမ်းဆီးခံရသူများကို မေလ ၇ရက်နေ့က ချုပ်ရမန်ထပ်မံယူခဲ့ကြောင်း ငါန်းဇွန်မြို့နယ်တရားရုံးမှသိရသည်။
“ရဲလုပ်ထုံးလုပ်ငန်းစဉ်တွေအရ အမှုဆက်လက်စစ်ဆေးဖို့ ကျန်ရှိနေတာကြောင့် ထပ်မံချုပ်ထားဖို့အတွက် တောင်းခံလာတာကြောင့် ထပ်မံခွင့်ပြုပေးခဲ့ပါတယ်”ဟု ငါန်းဇွန်မြို့နယ်တရားသူကြီး ဦးဇော်မင်းဦးက ပြောသည်။
“အခုစိုက်ခင်းက ဆေးမျိုးနွယ်ဝင်အပင်တွေဖြစ်တယ်ဆိုပြီး သူတို့ကို ဖမ်းဆီးထားတာပေါ့နော်။ သူတို့က တိုင်းအစိုးရအဖွဲ့နဲ့ စီမံကိန်း ဥက္ကဌတို့ရဲ့တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေကြတာဖြစ်တယ်။ ဒါကို ဆေးခြောက်စိုက်ခင်းမို့ အရေးယူမယ်ဆိုရင် စိုက်ပျိုးထားတာတွေမှာ မူးယစ်ဆေးဝါး ဘယ်လောက်အထိပါသလဲဆိုတာကို စမ်းသပ်ပြီးချပြပေးသင့်တယ်”ဟု စိုက်ခင်းစိုက်ပျိုးသည့် 3M ကုမ္ပဏီ၏ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး တော်ဝင်ဦးခင်မောင်သန်းက ပြောသည်။