ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦးဘက်မှ တင်ပြထားသော နောက်ဆုံး အယူခံကို ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က ယခင်သေဒဏ် အတိုင်း ယနေ့ အမိန့် ချလိုက်သည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ထိုအယူခံထဲတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
လိပ်ကျွန်း အမှုနှင့် ပတ်သက်ပြီး အမှုစဖြစ်စဉ်ကတည်းက မြန်မာသံရုံးက ဖွဲ့စည်းပေးခဲ့သော လိပ်ကျွန်းအမှု အထူးစုံစမ်းရေး အဖွဲ့တွင် ပါဝင်သူတဦးလည်းဖြစ် ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား များအရေးကို ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည့် ဦးကျော်သောင်းနှင့် တွေ့ဆုံမေးမြန်းထားသည်။
ရိုက်ကူး/တည်းဖြတ် – ကျော်သူရ ၊ အောင်ခိုင်မျိုး