ဧရာဝတီ ၊ အောက်တိုဘာ ၁၃ ၊ ၂၀၁၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာ ဆင်အလှူပွဲတော် ဆင်အကအလှ ပြိုင်ပွဲကိုတွင် ပါဝင်ယှဉ်ပြိုင်မှု လျော့နည်းလာကြောင်းသိရသည်။
ပြိုင်ပွဲဝင်မည့် ဆင်အကအဖွဲ့များသည် ကုန်ကျစရိတ်နှင့် ရရှိသည့် ဆုကြေး ကွာဟမှုရှိခြင်း ၊ စီပွားရေးအကြပ်အတည်း ဖြစ်နေခြင်း တို့ကြောင့် တနှစ်ထက်တနှစ် ပြိုင်ပွဲဝင် အစီးရေ လျော့ကျလာခြင်းဖြစ်ကြောင်း ပြိုင်ပွဲဝင် အဖွဲ့များထံမှ သိရှိရသည်။ ၂၀၁၇ခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဆင်ပြိုင်ပွဲဝင် ၂၃ ဖွဲ့၊ ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၀ နှင့် ယခုနှစ် ၂၀၁၉ တွင် ၁၆ ဖွဲ့အထိ လျော့နည်းလာသည်ကို တွေ့ရသည်။
ယခုနှစ်ဆင်ပြိုင်ပွဲကို အောက်တိုဘာ ၁၂ ရက်နေ့ (သီတင်းကျွတ်လဆန်း(၁၄)ရက်)တွင် ကျောက်ဆည်မြို့ရှိ ဆင်ပြိုင်ကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ရိုးရာအငယ်တန်း ၃ စီး ၊ ဘော်ကြယ်ဆင် ၂ စီး ၊ ရိုးရာအကြီးတန်း(၉)စီး၊ သဘာဝဆင်၂ စီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ကျောက်ဆည်ဆင်ပွဲတော်သည် အနော်ရထာမင်းကြီး၏ ကောင်းမှုတော် ရွှေသာလျောင်းစေတီပွဲတော်အဖြစ် ကျောက်ဆည်ဒေသခံများက သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပြီး သာလျောင်းတောင်ထိပ်တွင် စွယ်တော်ဆင်ကိန်းဝပ်သည့် အထိမ်းအမှတ်ရှိစေရန်အတွက် မုန့်ဆင်ရုပ်လေးများ ပြုလုပ်လှူဒါန်းပူဇော်ကြရာမှ စခဲ့သည်ဟု သိရသည်။
ရိုက်ကူး- ဒီလှိုင်းဝင်း
တည်းဖြတ်- အဲမလီ