မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနဲ့ အံခဲကျေးရွာ ပင်လယ်ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံ ဝေးတဲ့ ကျိုက်နဲဆံတော်ရှင် ရေလယ်ဘုရားပွဲကို အနယ်နယ် အရပ်ရပ်က ပြည်သူများ ပိုမိုသိရှိလာပြီး မွန်ပြည်နယ်ရဲ့ အစည်ကားဆုံး ဘုရားပွဲတော် ဖြစ်လာပါတယ်။
ပင်လယ်ဒီရေကျချိန် ၁ မိုင်ခွဲကျော်ဝေးတဲ့ ကမ်းခြေကနေ ဆံတော်ရှင် ဘုရားရှိရာဆီ သဘာဝအတိုင်း ကျောက်ခင်းလမ်းဖြစ်ပေါ်နေတာဟာ နတ်ဘီလူးတွေက ဖန်ဆင်းထားတာဖြစ်တယ်လို့ အများစုက ယုံကြည်ထားကြပါတယ်။
ဘုရားပွဲတော်ကာလမှာ နိုဝင်ဘာလဖြစ်တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ သတ်မှတ်ထားပေမယ့် ဘုရားဖူးများမှာ တန်ဆောင်မုန်းလပြည့်နေ့ ကတည်းက ပင်လယ်ကမ်းခြေကို လာရောက်နေကြတာ ဖြစ်ပါတယ်။