အလုပ်သမားများထံမှ လူမူဖူလုံရေးကြေးများ ကောက်ယူထားသော်လည်း အစိုးရသို့ ပြန်လည် ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကိုရီးယားနိုင်ငံသားပိုင် World Jin Garment အထည်ချုပ်စက်ရုံကို နိုဝင်ဘာလ က အလုပ်သမားများ ဆန္ဒပြခဲ့ကြသည်။
လူမှုဖူလုံရေးဥပဒေတွင် အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် လူမှုဖူလုံရေးကြေးကို လုပ်ငန်းရှင်က ၃ ရာခိုင်နှုန်းနှင့် အလုပ်သမားများဘက်မှ ၂ ရာခိုင်နှုန်းစီ ထည့်ဝင်ရမည်ဟု ပြဋ္ဌာန်းပြီးဖြစ်သည်။
သို့သော် World Jin Garment အထည်ချုပ် စက်ရုံပိုင်ရှင်သည် အလုပ်သမားများ၏ လစဉ်ဝင်ငွေမှ လူမှုဖူလုံရေးကြေးကို လစဉ် ဖြတ် တောက်ခဲ့သော်လည်း အစိုးရသို့ ပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ အဆိုပါ စက်ရုံသည် လွန်ခဲ့သည့် ၈ လခန့်ကတည်းက အလုပ်သမားများ၏ လူမှု ဖူလုံရေးကြေးများ ပေးသွင်းရန် ပျက်ကွက်သဖြင့် အလုပ်သမားများက ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်၊ ထို့အတွက် ပျက် ကွက်သည့် ၈ လစာထဲမှ ၂ လစာကို နိုဝင်ဘာ ၁၄ ရက်က ပေးသွင်း ခဲ့ကြောင်း၊ ကျန်ရှိသည့် ၆ လစာကို ၁၂ လပိုင်း၌ နောက် ဆုံးထား၍ ၂ကြိမ် ခွဲသွင်းပေးမည်ဟု အလုပ်ရှင်မှနေ၍ မြို့နယ် လူမှုဖူလုံရေးရုံးသို့ သွားရောက်ညှိနှိုင်းခဲ့ကြောင်း အလုပ် သမားများထံမှ သိရသည်။
ရိုက်ကူး/ တည်းဖြတ်- အဲမလီ