လာမယ့် ၂၀၂၀ ခုနှစ်၊ ပထမ ၆ လအတွင်း အိမ်အကူ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကြမ်းတစ်ရပ် လွှတ်တော်မှာ တင်သွင်းသွားဖို့ ပြင်ဆင်နေပြီလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့ နာရေးကူညီမှုအသင်းရုံးမှာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာပါ။
အဲဒီအခမ်းအနားမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အလုပ်သမားအဖွဲ့အစည်းများကွန်ရက်က အိမ်အကူအလုပ်သမားတွေအတွက် ဥပဒေအကာအကွယ် အပြည့်အဝရရှိစေရေးကို ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
ပြည်တွင်းက အိမ်အကူ အလုပ်သမားတွေဟာ အလုပ်ချိန် သတ်မှတ်ထားတာ မရှိတာကြောင့် ဥပဒေရေးဆွဲတဲ့နေရာမှာ အလုပ်ချိန်သတ်မှတ်ပေးဖို့ ပွဲကျင်းပရေးကွန်ရက်က ပြန်ကြားရေးတာဝန်ခံ ဒေါ်သက်သက်အောင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရိုက်ကူး/ တည်းဖြတ် – ဇင်မိုးဝါ