ကျားဖောင်ရေလုပ်ငန်းအတွက် ရော်ဘာထင်းတွေ သယ်ယူဖို့ မောင်အောင်နိုင်ဝင်းဟာ ဦးလေးဖြစ်သူနဲ့အတူ လိုက်ပါသွားတာဖြစ်ပြီး ပျောက်ဆုံးသွားချိန်မှာ အသက် ၁၆ နှစ်ကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။ လက်ရှိအချိန်တွင် အသက် ၁၇ နှစ်ထဲကို ရောက်ရှိနေပြီလို့ မိဘတွေက ပြောပါတယ်။
မောင်အောင်နိုင်ဝင်းကို ဆိုင်ကယ်သမားတဦးက လိမ်လည်ခေါ်ဆောင်သွားပြီး သံဖြူဇရပ်စစ်တပ်ကို ပို့ဆောင်ခဲ့ကြောင်း၊ အဲဒီကတဆင့် စစ်သားစုဆောင်းရေးဆီ ဆက်လက်ပို့ဆောင်ခံရကာ အသက် ၂၁နှစ်ပြည့် မှတ်ပုံတင်တု ပြုလုပ်ပေးပြီးနောက် (ကိုယ်ပိုင်အမှတ် တ-၅၅၆၉၇၉)နဲ့ ကျောက်ဖြူအခြေစိုက် ခမရ ၅၄၂ တပ်မှာ အသက် ၁၈ နှစ် မပြည့်သေးဘဲ စစ်မှုထမ်းနေရတယ်လို့ ဆိုပါတယ်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ အသက် ၁၈ နှစ် မပြည့်သေးသူများကို တပ်မတော်အတွင်းသို့ စုဆောင်းခြင်း၊ ဥပဒေအရ စစ်မှုထမ်းစေခြင်း သို့မဟုတ် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။
မောင်အောင်နိုင်ဝင်းဟာ ဖျာပုံမြို့နယ် အ.ထ.က(ခွဲ) ရွှေထီးမှာ နဝမတန်း ပညာသင်ယူနေသူဖြစ်ပြီး မွေးသက္ကရာဇ်မှာ ၂၀၀၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။
ရိုက်ကူး/ တည်းဖြတ်- ဉာဏ်စိုးဝင်း