ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ် ပျူမြို့ဟောင်း သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းရှိ ကျေးရွာများတွင် တခြားသီးနှံများထက် ပိုမိုတွက်ချေကိုက်မှုကြောင့် ကြက်သွန်နီကို ယခင်နှစ်ထက် ၂ ဆ တိုးမြှင့်စိုက်ပျိုးလာကြကြောင်းသိရသည်။
ယခင်နှစ်က ဧက ၄၀၀ ကျော်သာစိုက်ပျိုးခဲ့သော်လည်း ယခုနှစ်ကြက်သွန်နီးစိုက်ရာသီမှာ ဧက ၁ ထောင်ကျော်အထိ တိုးမြှင့်စိုက်ပျိုးလာကြကြောင်းသိရသည်။
စိုက်ပျိုးသည့်ကျေးရွာများမှာ မှော်ဇာ၊ မုဋ္ဌော၊ ကုန်းရိုး၊ အုန်းနှောကုန်း၊ လက်ခုပ်ပင်၊ ပေါက်ပေါက်၊ ပယင်ကုန်း၊ ရွာသာကုန်းနှင့် တောင်လုံးညိုကျေးရွာများတို့ဖြစ်ပြီး ယင်းကျေးရွာများအတွင်း တောင်သူတဦးလျှင် အနည်းဆုံး တဧကခွဲခန့် စိုက်ပျိုးလာကြကြောင်းသိရသည်။
ကြက်သွန်စိုက်ပျိုးသူများပြားလာသည့်အတွက် စိုက်ခင်းလုပ်သားများလည်းရှားပါးနေပြီး စိုက်ခင်းရေဖြန်းခြင်းကို လူအားစက်အားဖြင့် ပုံစံ ၂ မျိုး စိုက်ပျိုးလာကြသည်။
ကြက်သွန်စိုက်ခင်း ၁ ဧကလျှင် ပိဿာချိန် ၆၀၀၀ မှ ၁ သောင်းကြားထွက်ရှိပြီး စိုက်ပျိုးချိန်ကာလမှ ပျိုးပင်စိုက်သည့်ကာလ ၁ လမှ ၄၅ ရက်ကြားကြာမြင့်၍ ပျိုးပင်အားပြန်လည်စိုက်ပျိုးရာတွင် ကြက်သွန်ဥရသည်အထိ ၂ လ ခွဲကြာမြင့်သည်။
ရိုက်ကူး – ကောင်းမြတ်မင်း