ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ဆောင်ချက်တွေဟာ အားနည်းချက်များစွာဖြစ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာနဲ့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေရှိချက် အစီရင်ခံစာတွေကိုအခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်တွေက ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့က လုပ်ဆောင်ခဲ့တဲ့ ကုန်ကျစရိတ်များပြားတဲ့ မီးစက်ဝယ်ယူမှု၊ ကားကရိန်းဆွဲလုပ်ငန်းကို တဦးတည်း ကန်ထရိုက်ပေးမှု၊ မြို့တော်သတင်းစာ အရှုံးခံထုတ်ဝေမှု၊ ရေပေးဝေမှုမှာ ၅၀ ရာခိုင်နှုန်းလေလွင့်ပျောက်ဆုံးမှု၊ ယာဉ်ထိန်းချုပ်ရေးစင်တာ မအောင်မြင်မှု၊ ဝန်ကြီးများရုံး ငှားရမ်းရာမှာ အထူးအခွင့်အရေးပေးဆောင်ရွက်ခဲ့မှု စတာတွေနဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာ အကြံပြုချက်အပေါ် မလိုက်နာမှုတွေကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း