မဲဆောက်မြို့လေးဟာ ထိုင်း-မြန်မာ ၂ နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်က စီးပွားရေး မြို့လေး ဖြစ်ပါတယ်။ မဟာချိုင်ပြီးရင် မြန်မာ အလုပ်သမားတွေ သိန်းချီပြီး အလုပ်လုပ်နေတဲ့ ဒုတိယ မြို့တခုလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက် လွန်းလို့ တနှစ်နဲ့ တနှစ် အပြောင်းအလဲမြန်တဲ့မြို့လို့တောင် ပြောရမှာပါ။
တကမ္ဘာလုံးမှာ ကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ထိုင်းနိုင်ငံမှာလည်း တရက်ကို ၁ ရာကျော် ကူးစက်နေပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားနိုင်ဖို့ ထိုင်းအစိုးရက ဒေသအသီးသီးမှာ ကြပ်မတ်ဆောင်ရွက်နေပါတယ်။
ဒီဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ စျေးဆိုင်တွေနဲ့ Shopping Mall တွေ ပိတ်ထားရတဲ့ အတွက် အဲဒီနေရာတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ပြီး မြန်မာနိုင်ငံပြန်ကြပါတယ်။
ဒီဂယက်ကို မဲဆောက်မြို့လေးလည်း အလားတူ ရင်ဆိုင်နေရပြီး အရင်တုန်းက စီကားနေတဲ့ မြို့ကလေးဟာ အခုဆိုရင် ကိုရိုနာ ဂယက်ကြောင့် ခြောက်ကပ်ကပ် ဖြစ်နေရပါတယ်။ ဒီမြို့ကို အမီပြုပြီး ရပ်တည်နေကြတဲ့ မြန်မာစျေးသည် တွေလည်း အခက်အခဲတွေ ကြုံနေရပါပြီ။
ရိုက်ကူး – ကျော်ခ၊ ဧရာဝတီ