ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မိသားစုဝင် ၄ ဦးလုံး Covid-19 ရောဂါ ကူးစက်ခံခဲ့ရတဲ့ အိမ်က အိမ်မွေးခွေး ဂျက်ကီဟာ ဒီကနေ့ စောင့်ကြည့်ကာလ တလနဲ့တရက်ပြည့်သွားတဲ့အချိန်မှာ ရောဂါကူးစက်ခံရတဲ့ လက္ခဏာ တစုံတရာမရှိပဲ ကျန်းမာလျက်ရှိတယ်လို့ ဂျက်ကီကို စောင့်ရှောက်ပေးခဲ့သူ ပြည်မြို့နယ်က အနန္တမေတ္တာ ခွေးလေခွေးလွင့် စောင့်ရှောက်ရေး ဂေဟာ တည်ထောင်သူ ကိုအောင်ကျော်မိုးက ပြောပါတယ်။
မိသားစုဝင် ၄ ဦးလုံး ရောဂါကူးစက်ခံလိုက်ရတာကြောင့် ပိုင်ရှင်မဲ့ ဖြစ်သွားသော ဂျက်ကီလို့ ခေါ်တဲ့ခွေးဟာ အစပိုင်းမှာ တာဝန်ရှိသူတွေက သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကိုအောင်ကျော်မိုးရဲ့ စောင့်ရှောက်မှုနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ပါတယ်။
ဂျက်ကီကို စောင့်ရှောက်ခဲ့သူ ကိုအောင်ကျော်မိုးကလည်း Quarantine ကာလပြည့်သွားခဲ့ပြီး ရောဂါကူးစက်ခံရခြင်း မရှိပါဘူး။
လက်ရှိမှာတော့ ဂျက်ကီကို ရန်ကုန်မှာရှိတဲ့ ကိုအောင်ကျော်မိုးရဲ့အဒေါ် နေအိမ်မှာ မွေးစားဖို့ ပေးထားခဲ့တယ်လို့ သိရပါတယ်။
ဂျက်ကီရဲ့ မူလပိုင်ရှင် ဖြစ်သူ ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ Covid-19 ရောဂာကြောင့် သေဆုံးသွားပြီး ကျန်မိသားစုဝင်တွေကတော့ ဆေးကုသနေရဆဲ ဖြစ်ပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဇင်မိုးဝါ