နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့Mask ပြိုင်ပွဲမှာ တီထွင်ဖန်တီးမှု အကောင်းဆုံးဒုတိယဆုရခဲ့သူ နေပြည်တော်မှာနေတဲ့ ကိုချမ်းမြေ့ကိုက အပြာရောင်သင်္ကေတဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ချင်တဲ့ ရည်ရွယ်တွေနဲ့ Mask ကိုဖန်တီးပုံဖော်ခဲ့တာလို့ဆိုပါတယ်။ ” ကျနော်တို့ရဲ့ ခန္ဓာကိုယ်ကြီးကို မြန်မာနိုင်ငံလို့ ထားလိုက်ပြီး ငြိမ်းချမ်းရေး Mask နဲ့ ကာဗာလုပ်ထားလိုက်မယ်ဆိုရင် ပြည်တွင်းပြည်ပက ဘယ်လိုပိုးတွေ ၊ ဘယ်လိုရန်သူတွေမဆို ကျနော်တို့ ခန္ဓာကိုယ်ကြီးဖြစ်တဲ့ မြန်မာနိုင်ငံကြီးကို မထိခိုက်နိုင်ဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ ဖြစ်တယ်” လို့ ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Mask ပြိုင်ပွဲမှာ လူကြိုက်အများဆုံး ဆုရသူ ၃ဦး ထွက်ပေါ်ခဲ့ပြီးနောက် တီထွင်ဖန်တီးမှု အကောင်းဆုံးဆုရသူ ၃ ဦးလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီဆုတွေကိုတော့ ပထမဆုကို ဂျပန်နိုင်ငံကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ Myo Gyi အကောင့်ပိုင်ရှင်က ရရှိခဲ့ပြီး ဒုတိယဆုကိုတော့ နေပြည်တော်က Snow Wind Engineering Co.ltd မှ ပရောဂျက် ဒါရိုက်တာဖြစ်သူ ကို Chan Myae Ko အကောင့်ပိုင်ရှင်က ရရှိခဲ့ပါတယ်။ Chaw Su အကောင့်ပိုင်ရှင်ကတော့ တတိယကို ရရှိခဲ့တာဖြစ်ပါတယ်။