ကိုဗစ်ကာလအတွင်း လူစုလူဝေးပြုလုပ်မှုကြောင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ တရားစွဲဆိုခံထားရတဲ့ နှစ်ချင်းခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားရဲ့ အမှုကို ဒီကနေ့ မနက်ပိုင်းက မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ တရားလိုပြသက်သေတွေအဖြစ် ဦးမျိုးမင်းဌေး (ခ) အဆိုတော်မျိုးကြီးနဲ့ အမှုစစ် ဒုရဲမှူး စိုးနိုင် တို့ကို စစ်ဆေးခဲ့ပြီး အဆိုတော်မျိုးကြီးရဲ့ ဇနီး ဒေါ်ဇင်မာလွင်ကိုတော့ အမှုလိုက် ဥပဒေအရာရှိက တရားလိုပြသက်သေအဖြစ်ကနေ ပယ်ခဲ့ပါတယ်။
နောက်ရုံးချိန်းကို ဇွန်လ ၃၀ ရက်ကို ချိန်းဆိုထားပြီး အဲဒီရုံးချိန်းမှာတော့ အမှုကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျောက်လဲချက် ကြားနာမှာဖြစ်ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ တရားခွင်အတွင်း စစ်ဆေးကြားနာမှုတွေကို နားထောင်ခွင့်ပေးဖို့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခက လာရောက်တောင်းဆိုခဲ့ပြီး တရားရုံးက လက်မခံခဲ့တဲ့အတွက် မြို့နယ်တရားသူကြီး ဦးမိုးဆွေရဲ့လုပ်ရပ်ကို အယုံအကြည်မရှိကြောင်း ဦးပါမောက္ခက တရားရုံးအဝင်တံခါး၀ကနေ Hand Loudspeaker နဲ့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း