COVID – 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေမှာ အသွားအလာ တင်းကျပ် ထားပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်းမှာပဲ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်မှုကြောင့် ဖမ်းဆီးထောင်ချခံရသူ ထောင်ချီရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းမှာ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာတဲ့ မြန်မာလုပ်သား ၆၀၀၀ ကျော်ရှိပြီး လ၀က ဥပဒေအပြင် အရေးပေါ်ကာလ ဥပဒေနဲ့ပါ အရေးယူထားတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုး က ဆိုပါတယ်။
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဌ ဦးအောင်ကျော်ကတော့ ၎င်းတို့လေ့လာသိရှိချက်အရ ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်းမှာ ခိုးဝင်မှုကြောင့်ဖမ်းဆီးခံရသူ တထောင်ကျော်ရှိခဲ့တယ်လို့ ပြောပါတယ်။
အခုလို ပြန်လည်ခိုးဝင်သူအများစုဟာ ထိုင်းနိုင်ငံမှာ ကာလရှည်ကြာနေထိုင်ခဲ့ဖူးတဲ့ လုပ်သားဟောင်းတွေဖြစ်ပြီး မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှုတွေကြောင့် ပြန်လည်ခိုးဝင်လာကြတာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။
တည်းဖြတ် – ဇော်နောင်လင်း