ထိုင်း – မြန်မာနယ်စပ်၊ မြ၀တီ – မဲဆောက် နှစ်နိုင်ငံကုန်သွယ်မှုကို ထိုင်းနိုင်ငံဘက်က တပတ်ကြာ ယာယီရပ်ဆိုင်းခဲ့ပေမယ့် တပတ်ပြည့်တဲ့အခါ ပုံမှန် ပြန်ဖွင့်၊ မဖွင့်က မသေချာဘူးလို့ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ဧရာ၀တီကို ပြောပါတယ်။
မြ၀တီမြို့ကနေ ထိုင်းဘက်ကို ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်မောင်းတချို့မှာ ကိုဗစ်ရောဂါ တွေ့ရှိမှုနဲ့အတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာပါ ကိုဗစ်ရောဂါဖြစ်ပွားသူတွေ တွေ့လာရပြီးနောက် ထိုင်းနိုင်ငံဘက်က ကုန်သွယ်မှုကို အောက်တိုဘာလ ၁၈ ရက်ကနေ ၂၅ ရက်အထိ ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
အခုလို ထိုင်းနိုင်ငံဘက်က ကုန်သွယ်မှုကို ယာယီ ရပ်နားလိုက်တာဟာ မြန်မာနိုင်ငံအတွက် အခက်အခဲကြီးကြီးမားမား မရှိပေမယ့် ကာလရှည်ရင်ဆိုင်ဖို့ဆိုရင်တော့ လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုတွေကို ဌာနပေါင်းစုံက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း ဦးတေဇာအောင် က ပြောပါတယ်။
မဲဆောက်မြို့အခြေစိုက်၊ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ထိုင်းနိုင်ငံအနေနဲ့ ကုန်သွယ်ရေးအကျိုးအမြတ် အသာစီးရနေတာကြောင့် အခုလို ယာယီရပ်ဆိုင်းမှုဟာ သူတို့အတွက် ထိခိုက်မှု ပိုများပေမယ့် အမျိုးသားလုံခြုံရေးနဲ့ ကျန်းမာရေးရှုထောင့်ကနေ အနာခံ ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း