ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ရှိရင် မဲပေးပါမယ်ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတခုကို ယခုရက်ပိုင်းအတွင်း သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေက လုပ်ဆောင်နေကြပါတယ်။
သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေတွေ တွေ့ဆုံဆွေးနွေးမှုကနေတဆင့် ဇီဝမျိုးကွဲစုံလင်မှု၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြဖို့၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ကုစားရေး ထည့်သွင်းစဉ်းစားပေးဖို့၊ သယံဇာတခွဲဝေရာမှာ တိုင်းရင်းသားတွေရဲ့ မြေယာဓလေ့ထုံးတမ်းတွေကို အသိအမှတ်ပြုပေးဖို့၊ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒတွေ ရေးဆွဲအကောင်အထည်ဖော်ဖို့၊ ပြည်သူတွေကို အသိပညာပေးဖို့နဲ့ ပြန်ပြည့်မြဲစွမ်းအင်တွေကို ဦးစားပေးထုတ်လုပ်သုံးစွဲဖို့ စတဲ့ အချက် ၇ ချက်ပါ အဆိုပြုချက်တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ဒီမူဝါဒတွေဟာ လက်ရှိ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအတွက် အကြံပြုချက်ဖြစ်သလို ရေရှည်မှာ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးက ရွေးကောက်ပွဲတွေဝင်ပြိုင်တဲ့အခါ ပြည်သူတွေ မေးခွန်းထုတ်လို့ရမယ့် မူဝါဒတွေ ဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေက ဆိုပါတယ်။
အင်တာဗျူး/တည်းဖြတ် – ဇင်မိုးဝါ