ရှေးဟောင်းအမွေအနှစ်များ ပေါ်ကြွယ်ဝသည့် ရှေးရခိုင်ဘုရင်များ နန်းစိုက်ရာ မြောက်ဦးမြို့တွင် နေ့စဉ်နှင့်အမျှ လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်သံများ လွှမ်းမိုးခဲ့သည်မှာ ၃နှစ်နီးပါး ကြာမြင့်ခဲ့သည့်အတွက် ရှေးဟောင်းစေတီ ပုထိုးတော်များ၏ ဝန်းကျင်များတွင်လည်း စစ်ရေး ပဋိပက္ခကြောင့် စစ်ရှောင်တဲများ ပြည့်နှက်နေသည်။
ရခိုင်စစ်မြေပြင်တွင် ၃နှစ်နီးပါး အသေအကြေတိုက်ခိုက်ကြပြီး သဘောထား တင်းမာခဲ့ကြသော်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့က ရက္ခိုင့် စစ်တပ် (AA) က ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မြို့နယ်များကို ဒီဇင်ဘာလ မကုန်မီ ပြန်လည်ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်ကို မေတ္တာရပ်ခံ တောင်းဆိုခဲ့ရာ တပ်မတော်ကလည်း ကြိုဆိုလက်ခံကြောင်း နှစ်ဖက် အပြန်အလှန် ကြေငြာချက်များ ထုတ်ပြန်ခဲ့ကြသည်။
ထိုနှစ်ဖက် ထုတ်ပြန်ချက်များမှာ စစ်ရေး အလွန်ပြင်းထန်သော ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာကာ အပြုသဘော ဆောင်လာသည့် အခြေအနေ တရပ်ဖြစ်လာကြောင်း လေ့လာသူများက သုံးသပ်ကြသော်လည်း မြောက်ဦး မြို့နယ်အတွင်းက ပြည်သူများကတော့ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေဆဲပင် ဖြစ်သည်။
ရိုက်ကူး- မင်းအောင်ခိုင်