ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ဒေသခံ လူထုက ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP/SSA) ကို အလိုမရှိကြောင်း မြို့ပေါ်တွင် စီတန်းလှည့်လည် ဆန္ဒပြကြရာ လူအုပ်အနီး ဗုံးခွဲခံရလိုက်ရသည်။
လူထုက နေ့လည် ၁ နာရီဝန်းကျင်တွင် ဆန္ဒပြခြင်း ဖြစ်ပြီး နေ့လည် ၂ နာရီတွင် နမ့်ခမ်းမြို့မဈေး ၊ ပြည်ထောင်စုလမ်းမပေါ်တွင် ဗုံးခွဲခံရခြင်း ဖြစ်သည်။
ဒေသခံတဦးက “စုစုပေါင်း ၄ ဦး ထိတယ်။ နှစ်ယောက်က ဒီမြို့ခံပဲ ကောင်မလေးတယောက်နဲ့ အမျိုးသား တယောက်။ ကောင်မလေးက ခြေထောက်မှာ ထိသွားတာ တော်တော်ပျက်စီးသွားပြီ ဘယ်ဘက်ခြေထောက်က။ နောက်ထိတဲ့ နှစ်ယောက်က ကျနော်တို့ ထင်တာ ဗုံးလာခွဲတဲ့လူတွေပဲ။ ဆိုင်ကယ်စီးရင်း သူတို့ဘာသာ ဗုံးကွဲပြီး သေတာ။ သူတို့ဆီက ပစ္စတိုတလက်လည်း ထွက်ကျလာတယ်” ဟု ပြောသည်။
နမ့်ခမ်းမြို့ ဒေသခံများသည် ယနေ့ နေ့လည်ပိုင်းတွင် SSPP ကို ဆန္ဒပြရခြင်းမှာ နမ့်ခမ်းမြို့နယ်၊ သျှမ်းလူငယ်အဖွဲ့ (TYO) ၏ ဒုဥက္ကဋ္ဌကို SSPP က ဖမ်းဆီးထားစဉ် သေဆုံသွားခြင်း၊ စစ်သားသစ်များ စုဆောင်းခံနေရခြင်းများအပေါ်တွင် မကျေနပ်ခြင်းကြောင့် ဆန္ဒပြကြခြင်း ဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup