စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေကို မြေပြင်သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်း ထောက်တွေ အပါအဝင် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရသူတွေထဲက အကျဉ်းသားအချို့ကို ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်ကနေ ဇွန်လ ၃၀ ရက်၊ ဒီနေ့ ညနေ ၆ နာရီမှာ စတင်လွှတ်ပေးခဲ့တယ်လို့ သိရ ပါတယ်။
ယနေ့ လွတ်မြောက်လာသူတွေထဲမှာ Myanmar Now သတင်းဌာနမှ မကေဇွန်နွေး၊ Mizzmia သ တင်းဌာနမှ ကိုစိုးရာဇာထွန်း၊ 7 Day သတင်းဌာနမှ ကိုအောင်ရဲကို MPA( Myanmar Pressphoto Agency) ဓာတ်ပုံသတင်းဌာနမှ ကိုရဲမျိုးခန့်၊ ဇီးကွက်သတင်းဌာနမှ ကိုဟိန်းပြည့်ဇော်၊ အလွတ်တန်းသ တင်းထောက် ကိုဗညားဦးတို့အပါအဝင် အကျဉ်းသား အများအပြား လွတ်မြောက်ခဲ့ပါတယ်။
ဒီကနေ့မှာ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသား ၇၂၀ ခန့်ကို လွှတ်ပေးမယ်လို့ စာရင်း ပေးထားပေမယ့် အကျဉ်းထောင်ထွက်ပေါက်တွေကနေ ခွဲလွှတ်နေတာ ဖြစ်တဲ့အတွက် အရေအတွက် ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ တရားလွှတ် တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ယနေ့ ပြန်လည်လွတ်မြောက်လာသူတွေဟာ လမ်းမပေါ်က ဆန္ဒပြပွဲသပိတ်တွေကနေ ဖမ်းဆီးခံရပြီး၊ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရသူတွေကိုသာ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး၊ CDM ဝန်ထမ်းတွေနဲ့ NLD ပါတီဝင်တွေ မပါဝင်သေးဘူးလို့ သိရပါတယ်။
.ယနေ့မှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခံရတဲ့ တနိုင်ငံလုံးက အကျဉ်းသား ဦးရေ ၂၃၄၂ ခန့်ကို ပြန် လည်လွှတ်ပေးခဲ့ပြီး၊ ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ အမျိုးသား ၁၈၈၂ ဦးနဲ့ အမျိုးသမီး ၄၆၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။