မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မဈေးကြီး မီးလောင်မှုတွင် ဆိုင်ခန်းပေါင်း ၂၄၂ ခန်း ပါသွားကြောင်း မြို့ခံများထံက သတင်းရရှိသည်။
မြို့မဈေးကြီးသည် ယမန်နေ့ည ၉ နာရီ ၄၅ ခန့်တွင် စတင် လောင်ခဲ့ပြီး ၂ နာရီခန့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါဈေးသည် နတ်မောက်မြို့နယ်အတွင်း ကျေးရွာများက ၎င်းတို့၏ ယာထွက်ကုန် ကောက်ပဲသီးနှံများ ရောင်းချခြင်း အပါအဝင် ဒေသခံများ စီးပွားရေးအရ အားထားနေရသည့် ဈေးကြီး ဖြစ်သည်။
မြို့ခံများက အဆိုပါ ဈေးကြီးမီးလောင်မှု သည် မြို့နယ်အတွင်း စစ်ကောင်စီ လက် အောက်မှ အုပ်ချုပ်ရေးမှူးများ ရာနှင့်ချီ နုတ်ထွက်သွားပြီးနောက် ရည်ရွယ်ချက်ရှိရှိ အရှို့ခံရခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုနေကြသည်။