ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးတွေအပါအဝင် ပြည်နယ်နှင့် တိုင်းအသီးသီးမှာရှိတဲ့ မြို့ကြီးတွေပေါ်က လမ်းမကြီးတွေ၊ ဈေးတွေနဲ့ နေ့စဉ်လူစည်ကားရာနေရာတွေဟာဆိုရင် ဒီကနေ့မှာဆိုရင် ခြောက်ခြားစရာကောင်းလောက်အောင် တိတ်ဆိတ်ခြောက်ကပ်သွားခဲ့ရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တာနဲ့အညီ မြန်မာပြည်သူတွေဟာ ဆုံးဆရှုံးသွားတဲ့ နိုင်ငံသား အခွင့်အရေးတွေအတွက် အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ပြသဖို့ အတွက် ဆိုင်တွေပိတ်၊ ဈေးတွေပိတ်ပြီး လမ်းမတွေပေါ်မထွက်ဘဲ အသံတိတ်သပိတ်ကို နိုင်ငံတဝန်း ညီညီညွတ်ညွတ်ပြသလိုက်ကြတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းက စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြ နေတဲ့ ပျောက်ကျားသပိတ်စစ်ကြောင်း လူအုပ်ကြီးထဲကို စစ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်ရက်တွေမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူတွေက ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီကနေ ၄ နာရီအထိ အရေးပေါ်ကိစ္စကလွဲလို့ အပြင်မ ထွက်ဘဲ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ လူထုကို လှုံဆော်ခဲ့တာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup