အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ လူသားချင်း စာနာမှု အကူအညီတွေကို လွတ်လပ်တဲ့ ဒေသခံ အရပ်ဖက် အဖွဲ့အစည်းတွေက တဆင့် ချိတ်ဆက်ပံ့ပိုးပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က တောင်းဆိုထားပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အနေနဲ့ မြန်မာနိုင်ငံ နေရာအနှံ့အပြားက ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် ဒေသအသီးသီးက အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ (Coordination Committee) ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ တရပ်ကို ဖွဲ့စည်းထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre) က တဆင့် အကူအညီ ပေးအပ်မယ့် ကိစ္စရပ်တွေကို စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ် လို့ သိရပါတယ်။
အာဆီယံနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တချို့ဟာ ကရင်နီ၊ စစ်ကိုင်း၊ ချင်း အပါအဝင် မြန်မာနိုင်ငံနေရာအနှံ့မှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး၊ စစ်ဘေးဒုက္ခသည် အရေအတွက် မြင့်တက်လာအောင် လုပ်ဆောင်နေတဲ့ စစ်ကောင်စီက တဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup