သွေးသောက်အဖွဲ့လို့ သူတို့ကိုသူတို့ အမည်ပေးထားသူတွေဟာ ရန်ကုန်၊ မန္တလေးတို့လို့ မြို့ကြီးတွေပေါ်မှာ မောင်းပြန် ရိုင်ဖယ်တွေ၊ ပစ္စတိုတွေကိုင်ထားပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို အလွယ်တကူ ဝင်ရောက် ဖမ်းဆီး သတ်ဖြတ်မှုတွေကို လွတ်လွပ်လပ်လပ် လုပ်ခွင့်ရနေပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံတဲ့သူတွေနဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ထောက်ခံသူတွေဖြစ်ကြပြီး ဖမ်းဆီးခံရပြီး နောက်တနေ့မှာဘဲ ရုပ်အလောင်းတွေကို လူမြင်ကွင်းတွေနဲ့ NLD ရုံးတွေရဲ့ ရှေ့မှာ သွေးသောက် အမှတ်တဆိပ် လည်ဆွဲစွပ်ပြီး စွန့်ပစ်ခံထားရတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားသူတွေကို လမ်းပေါ်မထွက်ရဲလောက်အောင် ဖိနှိပ်နေပေမယ့် သွေးသောက် အဖွဲ့ဆိုသူတွေကတော့ လူနေရပ်ကွက်တွေထဲထိ တံခါး မရှိ ဓားမရှိဝင်ရောက်ဖမ်းဆီးခွင့်တွေရနေတာပါ။
မန္တလေးမြို့မှာဆိုရင် ဧပြီလကစပြီး NLD ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူတွေ ကို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ သွေးသောက်အဖွဲ့တွေဟာ အလွယ်တကူ ဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ခြိမ်းခြောက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။