အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှု အပေါ် လူထုက ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ကြားမှာဘဲ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့နဲ့ အပစ်ရပ် လက်မှတ် မရေးထိုးရသေးတဲ့ ၃ ဖွဲ့က တက်မယ်လို့ သတင်းထွက်လာပါတယ်။
အာဏာသိမ်းခေါင်းဆောင်ရဲ့ ဖိတ်တဲ့ပွဲကို တက်ဖို့ စာရင်းပေးထားတဲ့ အဖွဲ့တွေထဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNLA/PC) တို့ တက်ရောက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် အပစ်ရပ်စာချုပ်မှာ လက်မှတ် မရေးထိုးထားတဲ့ ဝပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လည်း တက်ရောက်သွားမယ်လို့ သိရ ပါတယ်။
လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) အဖွဲ့ကတော့ ဥက္ကဌ ကျာခွန်ဆာနဲ့ ဒုဥက္ကဌ ဦးကျာဟားတို့ရဲ့ ခွင့်ပြုမိန့် မယူဘဲ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး အစည်းအဝေးကို တက်ရောက်မယ်လို့ စာပေးပို့ ခဲ့တဲ့ LDU အတွင်းရေးမှူးကို ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ ကရင်နီအမျိုးသားများ တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်မတော် (ABSDF) တို့ကတော့ တက်ရောက်သွားမှာ မဟုတ်ဘူးလို့ အတိအလင်း ကြေငြာထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သမိုင်းတလျှောက်လုံးမှာ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်အောင် ကဖျက်ယဖျက် လုပ်ခဲ့တာဟာ စစ်တပ်သာဖြစ်ပြီး အခုတခါ ဖိတ်ခေါ်မှုဟာလည်း နိုင်ငံရေးအရ အမြတ် ထုတ်ဖို့ ကြိုးစားရုံ သက်သက်သာဖြစ်တဲ့အတွက် မတက်ရောက်တဲ့ အဖွဲ့တွေဟာ ပြည်သူတွေနဲ့ အတူ ရပ်တည်ပြလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။