ဧရာ၀တီ၊ ဇူလိုင် ၄၊ ၂၀၂၂
ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာက ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ တပတ်ခန့် ကြာမြင့်ခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့မှာတော့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မရှိတော့ဘူးလို့ သတင်းရရှိပါတယ်။
အာဏာသိမ်း စစ်ကောင်စီရော၊ KNLA/ KNDO၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် နှစ်ဘက်စလုံးမှာပါ လူဦးရေ ၄၀ ကျော်နဲ့ အထက် ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ စစ်မြေပြင် သတင်းအချက် အလက်တွေအရ သိရပါတယ်။
ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေး ခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA)၊ KNDO အထူးကွန်မန်ဒို တပ်ရင်းက ဗိုလ်မှူးစောဝင်းမြင့် ဦးစီးတဲ့ ဆင်ဖြူစစ်ကြောင်း၊ ဗိုလ်ဒါဘော ဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အဲ့ဒီ ဥကရစ်ထ စစ်ဆင်ရေး ခြေကုတ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် လမ်းဆုံနေရာမှာ တည်ဆောက် ထားပြီး၊ ခံစစ်နဲ့ နယ်ခြားစစ်ဗျူဟာ လက်အောက်ခံ အခြေချစစ်စခန်း တခု ဖြစ်တယ်လို့ သိရပါတယ်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ KNLA တပ်မဟာ ၆ နယ်မြေအတွင်းက စစ် ကောင်စီ တပ်စခန်း (၅) ခုကို သိမ်းယူထားတယ်လို့ သိရပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup