နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံထားရတဲ့သူတွေဟာ အကျဉ်းထောင်တွေ၊ စစ်ကြောရေးတွေမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ရင်ဆိုင်နေရပြီး အသက်သေဆုံးမှုတွေ ဖြစ်လာခဲ့ပေမယ့် ICRC (နိုင်ငံတကာ ကြက်ခြေနီအဖွဲ့) အနေနဲ့ ဝင်ရောက်စစ်ဆေးတာတွေ၊ သတင်းထုတ်ပြန်တာတွေ အားနည်းနေတဲ့အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက မေးခွန်းထုတ်လိုက်ပါတယ်။
အကျဉ်းထောင်တွေထဲ ရှိသင့် အကျဉ်းသားလူဦးရေထက် ပိုမိုထားရှိထားတာတွေ၊ ကျန်းမာရေး၊ ဆေးဝါး၊ အစားအစာ စောင့်ရှောက်မှု အားနည်းတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားနေရတဲ့အပြင်၊ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ အကျဉ်းသားတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း ပြုလုပ်နေတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ကြသူတွေကို များစွာသော လူ့အခွင့်အရေးချိုးဖောက်မှု နည်းလမ်းတွေနဲ့ အကြမ်းဖက်စွာ ဖြိုခွင်းနှိမ်နှင်းခဲ့တာတွေရှိခဲ့တာကြောင့် နိုင်ငံတကာ သံတမန်တွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အခုထက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။