ပြည်မမှာ အာဏာသိမ်း စစ်တပ်က အရပ်သားပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေသလို ရခိုင်ပြည်နယ်မှာလည်း အရပ်သားပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ တကျော့ပြန် ပြန်လုပ်လာတာတွေ့ရပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ ကျေးရွာသား ၉ ဦး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ အာဏာသိမ်း စစ်တပ်အကြား ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ယာယီ အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့နောက် အရပ်သားကျေးရွာတွေမီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ မရှိတော့တာကနေ အခုလို ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
မြေပြင် စစ်ဆင်ရေးတွေမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ပြည်မမှာ လုပ်နေသလိုပဲ ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးတာ၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြန်လည်လုပ်ဆောင်နေတာဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup