မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် တိုင်းပြည်ကို အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာကိုခံထားရတာ ၂ နှစ်ပြည့်တော့မှာပါ။
နေပြည်တော် အကျဉ်းထောင်အတွင်း ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်ကတဆင့် လူငယ်တွေနဲ့ ဒီမိုကရေစီအရေး ကာကွယ် တိုက်ပွဲဝင်နေသူတွေအားလုံး အတွက် ဂုဏ်ယူတယ်လို့ သတင်းစကား ပါးခဲ့တာဟာ သူလုပ်ကိုင်ခွင့်ရခဲ့တဲ့ ၅ နှစ်တာကာလအတွင်းမှာ လူတွေကို အကြောက်တရား ကင်းကင်းနေခွင့်ရအောင် လုပ်ပေးနိုင်ခဲ့တာကို အရမ်းကို ဂုဏ်ယူနေခဲ့တာ ဖြစ်တယ်လို့ လရောင်တော စိုက်ပျိုးရေးသင်တန်း မန်နေဂျာ ဦးကျော်ဌေးဦးက ဆိုပါတယ်။
အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးဟာ လရောင်တော စိုက်ပျိုးရေသင်တန်းကျောင်းမှာ မန်နေဂျာ အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလမှာ ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ နိုဝင်ဘာလဆန်းမှာ ပြန်လည် လွှတ်မြောက်လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယုံကြည်ရင်းနှီးသူဖြစ်ပြီး တပါတ်တကြိမ်တွေ့ဆုံ ခွင့် ရခဲ့သူတဦးဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup