မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်(EROs) တွေဟာ ပြည်သူနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ NUG နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ ယခင် စစ်အာဏာရှင်တွေကို တိုက်ထုတ် ချိန်တွေကထက် ပိုမိုစည်းလုံး ညီညွတ်နေကြသလို၊ တဘက်မှာ ပြည်သူက ပေါင်နှံရောင်းချပြီး အားပေး ထောက်ခံမှုကြောင့် စစ်အာဏာရှင်တွေကို အမြစ်ဖြတ် တိုက်ထုတ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
အာဏာသိမ်းအပြီး ၂ နှစ်ကာလအလွန် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေ အပါအဝင် ၂၀၂၃ ခုနှစ် မျှော် မှန်းချက်တွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ နိုင်ငံခြားရေး ဌာန အကြီးအကဲ ပဒိုစောတောနီး ကို ဧရာ၀တီက ဆက်သွယ်ပြီး မေးမြန်းထားပါတယ်။