အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ရွေးကောက်ပွဲ ကော်မရှင် လက်အောက်ခံ နိုင်ငံရေးပါတီ ၄၅ ပါတီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပါတီခေါင်းဆောင်တွေက ရွေးကောက်ပွဲ ဘယ်တော့လုပ်ပေးမှာလဲလို့ မေးမြန်းခဲ့ပေမဲ့ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင် ကတော့ တိကျတဲ့ အဖြေမပေးနိုင်ခဲ့ဘူးလို့ တက်ရောက်ခဲ့တဲ့ ပါတီတွေက ပြောပါတယ်။
ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခု ၂၀၂၄ ခုနှစ်ထဲမှာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ပြီး နိုင်ငံရေးထွက်ပေါက် တခုဖြစ်တဲ့ ရွေးကောက်ပွဲ လုပ်မယ်လို့ မကြာခဏ ပြောလေ့ရှိပေမဲ့ အရေးပေါ်ကာလကို ၆လတကြိမ် သက်တမ်းတိုးနေတဲ့ အပေါ်မှာလည်း နိုင်ငံရေးပါတီတွေဘက်ကနေ စိုးရိမ်မှုတွေ ရှိနေပါတယ်။
မြို့သိမ်းတိုက်ပွဲတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ ကြောင့် မြို့ပေါင်း ၃၈ မြို့နယ်ကို စစ်ကောင်စီအနေ လက်လွတ် ဆုံးရှုံးထားရပြီး သန်းခေါင်စာရင်းမကောက်နိုင်တဲ့ အခြေအနေကို ကြုံတွေ့နေရတာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီးမှသာ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီဟာ အခုထိ မကြိုးပမ်းနိုင်သေးပါဘူး။