ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မယ်ထော်သလေး ကျေးရွာ အနီးမှာရှိတဲ့ KK Park တရုတ်မြို့သစ် စီမံကိန်းဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေ အခြေချပြီး အွန်လိုင်းငွေလိမ်မှု၊ လူကုန်ကူးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ကိုင်နေတဲ့ နေရာဖြစ်ပါတယ်။
KK Park တရုတ်မြို့သစ်စီမံကိန်းနေရာဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် သောင်ရင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး အဲဒီနေရာအနီးမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး ဒီကနေ့ အချိန်အထိ တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားခဲ့ပေမယ့် စီမံကိန်း အတွင်းကို ကျည်တထောင့်၊ ဗုံးတလုံး မကျခဲ့တဲ့အတွက် ဒေသခံတချို့က ကျည်ကွင်း၊ ဗုံးကွင်း စီမံကိန်း လို့တောင် ခေါ်ကြပါတယ်။
ဒီစီမံကိန်းမှာ တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်ပိုင်းတွေ ပါဝင်ပတ်သက်နေတာတွေ့ရပါတယ်။ KNU ဗဟိုကလည်း ပါဝင်ပတ်သက်သူတွေကို အရေးယူဆောင်ရွက်မယ်လို့ တုန့်ပြန်ထားပေမယ့် ဒီကနေ့ အချိန်ထိ ဖော်ထုတ် အရေးယူတာမတွေ့ရသေးပါဘူး။
ဒီစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်တွေနဲ့ အထောက်အထားတွေကို ဧရာဝတီရဲ့ Investigative Desk စုံစမ်းစစ်ဆေးရေးဌာန က ရရှိထားပြီး ဆောင်းပါးအဖြစ် ရေးသားဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။