အသက် ၂၄ နှစ်အရွယ် ကိုဖိုးသား ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က မန္တလေးမြို့ကနေ ဖားကန့်မြို့ကို ခရီးသည် ပို့ဆောင်ယာဉ်နဲ့ ခရီးသွားခဲ့ပြီး ရွှေဘို-မန္တလေး-မြစ်ကြီးနားလမ်းဆုံက ကိုးပင်ဂိတ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို ခံ့ခဲ့ရပါတယ်။
အဲ့ဒီစစ်ဆေးမှုမှာ သူဟာ ကျောင်းသား ဖြစ်တာကြောင့် လွတ်မြောက်လာခဲ့ပေမယ့် သူ့နဲ့အတူ ကားတစီးထဲ စီးနင်းလာခဲ့တဲ့ လူငယ်တွေကိုတော့ စစ်ကောင်စီ အဖွဲ့တွေက ဖမ်းဆီးထားခဲ့တယ်လို့ ဧရာ၀တီကို ပြောပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ခရီးသည်တင်ကားတွေပေါ်ကနေ လူငယ်တွေကို ဖမ်းဆီးပြီး ရွှေဘိုမြို့ပေါ်က အမှတ် (၈) လေ့ကျင့်ရေး စုဆောင်းရေးတပ်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကိုဖိုးသား စီးနင်းလာတဲ့ ကားလိုပဲ တခြား လိုင်းကားတွေကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး လူငယ်တွေကို ဖမ်းဆီး မှုတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်မှုထမ်းဥပဒေကို ပြဌန်းခဲ့ပြီးနောက် အခုလို ပြည်တွင်း ခရီးသွားတွေကို တင်းကြပ်စွာ စစ်ဆေးနေပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှူတွေ ပြုလုပ်နေတာပါ။
အခုလို ဖမ်းဆီးမှုတွေနဲ့ ပက်သက်ပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့သူနဲ့ ဧရာ၀တီက ဆက်သွယ်မေးမြန်းထားတာပါ။
သတင်းရင်းမြစ်ရဲ့ လုံခြုံရေးအတွက် အသံနဲ့ အမည်ကို ပြောင်းထားပေးတာဖြစ်ပါတယ်။