ရခိုင်ပြည်နယ် မင်းပြားမြို့ မင်းဖူးဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ် နဲ့ ဗုံးကျဲချ တိုက်ခိုက်မှုဟာ စစ်တပ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက် ကျဆင်းစေပြီး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှုတွေဟာ စစ်တပ်ဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ရက္ခိုင့်တပ်တော် AA ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၇ရက်နေ့က တိုက်ခိုက်ခံခဲ့ရတဲ့ မင်းဖူးဆေးရုံကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့
ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံရဲ့ အဆောက်အအုံ အများစု ထိခိုက်ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ နဲ့ ဆေးရုံ ဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AAက ထုတ်ပြန်ပါတယ်။
ဒီဆေးရုံဟာ အရင်က အစိုးရဆေးရုံအဖြစ် တည်ရှိခဲ့တာဖြစ်ပြီး မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ပြီးနောက် အဆိုပါဆေးရုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းတွေ၊သုံ့ပန်းမိသားစုဝင်တွေကို ဆေးကုသပေးနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းကနေ လက်ရှိ အချိန်ထိ စစ်ကောင်စီက ကျန်းမာရေးဆိုင်ရာ အဆောက်အဦးတွေကို အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ပေါင်း ၁,၂၀၀ ကျော်ရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်း ပျက်စီးမှု ၃၀၈ ခုရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။