စစ်မှုထမ်းဟောင်းတွေကို စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့အတွက် အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်တာဟာ ဥပဒေနဲ့ ညီညွှတ်မှုမရှိသလို ဘယ်စစ်မှုထမ်းဟောင်းကမှ တာဝန်ထမ်းဆောင်ချင်မှာ မဟုတ်ဘူးလို့ စစ်တပ်ကနေ အနားယူလိုက်တဲ့ စစ်မှုထမ်း ဟောင်းတွေက ဆိုပါတယ်။
တပ်သားသစ်စုဆောင်းမရတော့တဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပြီးနောက် အရန်တပ်ဖွဲ့ ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ စစ်ကောင်စီက အသက်သွင်းလိုက်တာဖြစ်ပါတယ်။
အတည်ပြုလိုက်တဲ့ အရန်တပ်ဖွဲ့ဥပဒေမှာ စစ်မှုထမ်းတဦးဟာ နုတ်ထွက်ခွင့် ဒါမှမဟုတ် အငြိမ်းစားယူခွင့်ရရှိတဲ့နေ့ကနေ ငါးနှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိတယ်လို့ ဆိုပါတယ်။