စစ်မှုဝန်ထမ်းဟောင်းတွေကို ပြန်လည်ခေါ်ယူအသုံးပြုနိုင်တဲ့ “အရန်တပ်ဖွဲ့ဥပဒေ” ကို အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေဟာ အရင် စစ်အာဏာရှင်ဟောင်း ဦးသက်ရွှေ လက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒီဥပဒေဟာ အငြိမ်းစားယူထားတဲ့ စစ်သားဟောင်းတွေနဲ့ အကြောင်းကြောင်းကြောင့် အနားယူထားတဲ့ စစ်သားဟောင်းတွေ ဆင့်ခေါ်ခံရနိုင်ပါတယ်။ ဆင့်ခေါ်မှုကို ငြင်းဆန်ရင်လည်း ဥပဒေပါ ပြဌာန်းချက် အရ ထောင်ဒဏ် ၃ နှစ်ထိ ချခံရနိုင်ဖွယ်ရှိနေပါတယ်။
ဒီဥပဒေ အတည်ပြုလိုက်တဲ့အပေါ် စစ်မှုထမ်းဟောင်းတွေကိုယ်တိုင် စိတ်ပျက်နေကြရသလို မိသားစုဝင်တွေ ကိုယ်တိုင်ကလည်း ပူပင်သောက ဖြစ်နေကြတယ်လို့ စစ်မှုဝန်ထမ်းဟောင်းတွေက ပြောပြကြပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက်တွေမှာ ဖြတ်သန်းခဲ့ဖူးတဲ့ စစ်မှုဝန်ထမ်းဟောင်း တဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။