မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်ပါတယ်။ ဒီနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်ကတော့ ‘အမျိုးသမီးများတွင် ရင်းနှီးမြှုပ်နှံရန်-invest in women’ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ပါတယ်။
အမျိုးသမီး အခွင့်အရေး၊ ကျားမတန်း တူညီမျှရေးအတွက် အသိအမြင် မျှဝေရေး လှုပ်ရှားမှုတွေ နိုင်ငံတကာမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၁၃နှစ် ရှိသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ ဖိုဝါဒီ လွှမ်းမိုးမှု အားကောင်းတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေကတော့ တန်းတူညီမျှရေးအတွက် ကြိုးပမ်းနေဆဲ ကာလမှာဘဲ စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
မြန်မာ့စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အခြေအနေတွေက အမျိုးသမီးတွေကို မလုံခြုံမှုအခြေအနေထဲ တွန်းပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အကာအကွယ်မဲ့နေတဲ့အခြေအနေဟာ အဆိုးရွားဆုံးအခြေအနေမှာရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။