ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဒီနေ့ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားမှာ စစ်အာဏာရှင် လက်အောက်မှာ ဖိနှိပ်ခံနေကြရတဲ့ မြန်မာ အမျိုးသမီးတွေအရေးကို ပြသခဲ့ကြပါတယ်။
ဒီပွဲကို ထိုင်းနိုင်ငံအတွင်းက အမျိုးသမီးအရေးလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ဦးဆောင်ပြီး ထိုင်း-မြန်မာ ၂ ဘာသာနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အထိမ်းအမှတ် အခမ်းအနားမှာ လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်တာ၊ မြန်မာနိုင်ငံအတွင်းက အမျိုးသမီးတွေရဲ့ အဖိနှိပ်ခံရမှုအခြေအနေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် သရုပ်ဖော်ပြသခဲ့ကြတဲ့ အပြင်`ငါတို့ ထမီ၊ ငါတို့အလံ၊ ငါတို့အောင်ပွဲ မှတ်တမ်းရုပ်ရှင်နဲ့အတူ ကျဆုံးသွားတဲ့ အမျိုးသမီးရဲဘော်တွေကို အောက်မေ့သတိရတဲ့အနေနဲ့ ဂုဏ်ပြုပွဲပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။