မြန်မာပြည်ပြဿနာ ပြေလည်ရေးအတွက် တရုတ်အပါအဝင် အာဆီယံနိုင်ငံအချို့၏ စဉ်းစားချက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တာဝန်ရှိသူအချို့ ဖယ်ရှားပေးပြီး ပြုပြင်ပြောင်းလဲရေး ပြုလုပ်လိုသူ စစ်ဗိုလ်ချုပ်တချို့နှင့် အစားထိုးရန်၊ မင်းအောင်လှိုင်နှင့် ထိပ်ပိုင်းရှိသူ၏ အမာခံများကိုလည်း ပြည်ပနိုင်ငံတွင် ခိုလှုံခွင့်ပေးပြီး ထွက်ပေါက်ပေးရန်၊ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပြီး ပြုပြင်ပြောင်းလဲရေး လိုလားသည့် စစ်ဗိုလ်များနှင့် ပူးပေါင်း၍ လွှတ်တော်ပြန်ခေါ်ပြီး ယခင်လမ်းကြောင်းကို ပြန်လျှောက်ရန် စဉ်းစားထားကြ၏။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာလျှင် တပြည်လုံးရှိ PDF အုံကြွမှုများကို ထိန်းနိုင်လိမ့်မည်ဟု ယူဆကြသည်။ မြန်မာပြည်တည်ငြိမ်မှုကို ထိန်းနိုင်မည်ဟု ယူဆနေကြ၏။
သူတို့၏ စိတ်ကူးစံမှ အရေးကြီးသည့်အချက်တခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မည်သို့ ဖယ်ရှားမည်နည်းဆိုသည့် အချက်ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီး ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အဓိကတာဝန်ရှိသူ မင်းအောင်လှိုင်နှင့် သူ၏အမာခံများ အာဏာတည်မြဲနေသရွေ့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးကို ဆက်လက် ပြုလုပ်၍ လုံးဝမရနိုင်ပေ။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဆိုသည့် စစ်ဗိုလ်ချုပ်အချို့နှင့် မုချအစား ထိုးရမည်ဖြစ်၏။ မြန်မာစစ်တပ်၏ “ခေါင်း”ကို မုချပြောင်းရမည် ဖြစ်၏။